မွန်ပြည်နယ်အတွင်း COVID-19 ၏ သန္ဓေပြောင်းမျိုးစိတ်တစ်ခုဖြစ်သည့် Omicron ဖြစ်ပွားသူ လတ်တလော မတွေ့ရှိရသေးသော်လည်း စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိဟု ဆို

မွန်ပြည်နယ်အတွင်း COVID-19 ၏ သန္ဓေပြောင်းမျိုးစိတ်တစ်ခုဖြစ်သည့် Omicron ဖြစ်ပွားသူ လတ်တလော မတွေ့ရှိရသေးသော်လည်း စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိဟု ဆို
Published 7 February 2022
ဘိုဘိုမြင့်

မွန်ပြည်နယ်အတွင်း COVID-19 ၏ သန္ဓေပြောင်းမျိုးစိတ်တစ်ခုဖြစ်သည့် Omicron ဖြစ်ပွားသူ လတ်တလော မတွေ့ရှိရသေးသော်လည်း စောင့်ကြည်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်ပြည်သူ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။

“လတ်တလော မွန်ပြည်နယ်အတွင်းမှာတော့ Omicron ကိုတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် စောင့်ကြည့်စစ်ဆေးမှုတွေကိုတော့ လုပ်ဆောင်နေပါတယ်။ အခုအချိန်အထိတော့ မွန်ပြည်နယ်က ကံကောင်းနေပါသေးတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ၁၀၀ ရာနှုန်း လွှမ်းခြုံနိုင်ရေးအတွက်ကို ကြိုးစားဆောင်ရွက်ပေးနေကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား တိတိကျကျလိုက်နာရန် လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မော်လမြိုင်မြို့နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါအရေး ကူညီဆောင်ရွက်ပေးနေသည့် ဆရာဝန်တစ်ဦးကလည်း “အခုလက်ရှိမှာ Delta ကလည်း မပြတ်သေးဘူး။ ရှိနေတုန်းပဲ။ အခုရန်ကုန်ပြန်တွေ မှာလည်း နှာရည်ယိုတာ၊ ချောင်းဆိုတာ၊ ဖျားတာတွေတွေ့နေရလို့ ဆေးစစ်လိုက်လို့ရှိရင် COVID-19 Positive ဖြစ်နေတာတွေရှိနေတော့ Omicron လည်း မွန်ပြည်နယ်ထဲ ရောက်လာနိုင်တယ်လို့ ယူဆလို့ရနိုင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

တချို့လည်း ဖျားနာပြီး ဆေးရုံဆေးခန်းများတွင် လာရောက်စစ်ဆေးရာမှ Positive ဖြစ်နေသည်ကို သိရတာမျိုးလည်းရှိကြောင်း၊ အရပ်ထဲများတွင် သာမန်နှာစေး၊ ချောင်းဆိုး၊ ရိုးရိုးတုပ်ကွေးဖြစ်သည်ဆိုပြီး ဆေးသောက်ကာ နေနေကြသူများလည်း အများကြီးတွေ့ရကြောင်း၊ တစ်နေရာရာတွင် အစုလိုက် အပြုံလိုက်၊ အမျာနှင့် နေမကောင်းဖြစ်ပြီးဆိုလျှင် ဆေးစစ်ကြည့်မည်ဆိုပါက COVID-19 Positive ဖြစ်နေကြပြီးလား၊ Positive ဖြစ်နေကြပြီးဆိုလျှင်လည်း  Delta လား၊ Omicron လား သိရအောင် ဓာတ်ခွဲစစ်ဆေးကြည့်မှ သိရမှာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“COVID-19 နဲ့ပတ်သက်လာရင်တော့ ဘာမှလုပ်လို့မရဘူး။ အဓိက Mask တပ်ရမယ်။ တခြားကြိုတင်ပြင်ဆင်မှုက ဘာမှလုပ်စရာမရှိဘူး။ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ ကာကွယ်ဆေးထိုးကြပါ။ ကာကွယ်ဆေးထိုးပြီးသားလူတွေလည်း Booster ထိုးလို့ရမယ့်ရက်ရောက်လာရင် Booster ထိုး။ ဒါမျိုးပဲလုပ်လို့ရပါမယ်။ COVID-19 ကို ကာကွယ်ဆိုင်ဖို့က အဲ့ဒီ နှစ်ချက်တည်းရှိပါတယ်” ၎င်းဆရာဝန်က ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်၌ ဖေဖော်ဝါရီလ ၁ ရက်မှ ၆ ရက်အတွင်း COVID-19 Positive လူနာသစ် ၅၀ ဦး တွေ့ရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent