ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဗန်း မော်မြို့ ဝန်းကျင်တွင် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ချိန်အခါမဟုတ် မိုးသီးများကြွေကျပြီး မိုးရွာသွန်းခဲ့ကြောင်း သိရသည်။ ကြွေကျ သည့်နေရာ ကျယ်ပြန့်ခဲ့ပြီး ကြွေကျသည့်မိုးသီး အရွယ်အစားမှာ ဆီးသီးကင်းနှင့် ဇီးဖြူသီးလုံး ခန့်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထိုက်က “အရင်အပတ်က ဖြစ်တဲ့ဖြစ်စဉ် နဲ့တူတယ်။ တရုတ်ပြည်က လေအေးစီးကြောင်း နဲ့ အနောက်ကလာတဲ့ လေနွေးစီးကြောင်းဆုံ တဲ့ဖြစ်စဉ်ပေါ့။ လေစိုင်တွေတွေ့ပြီး ရွာသွန်း တဲ့ ဖြစ်စဉ်ပေါ့။ နောက်နှစ်ရက်လောက်ဆိုရင် ပြီးပါပြီ။ အပူချိန်ပြန်မြင့်လာမှာပေါ့။ ဒီဖြစ်စဉ် ဖြစ်ပေမယ့် ဒီလိုဖြစ်ရမယ့် အခြေအနေက မြစ် ကြီးနားက ပုံမှန်ရာသီဥတုပါ။ သဘောကတော့ ရာသီဥတုအလွန်အကျွံဖြစ်မှုကို ထိန်းညှိတဲ့ ဖြစ်စဉ်ပေါ့။ လာနီညာဆန်လာတာပေါ့။ က ချင်ပြည်နယ်မှာ တစ်ခုတည်း ဖြစ်တာမဟုတ် ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ တောင်ငူ၊ ဟုမ္မလင်း၊ ဗန်းမော်၊ တောင်ကြီးလို ဒေသတွေမှာလည်း ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားသည်။
ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းကလည်း ဟုမ္မလင်း၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ လိပ်သို၊ တောင်ငူစသည့်ဒေသများတွင် မိုးသီးကြွေသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်န ၀ါရီ ၂၆ ရက်က မိုးသီးကြွေကျမှုကြောင့် မြစ်ကြီးနားမြို့နယ် အတွင်းရှိ မုန်ညင်းဆီစိုက်ခင်း များ တစ်ထောင်ဝန်းကျင် ပျက်စီးသွားကြောင်း သိရသည်။ မိုးသီးကြွေကျမှုကြောင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၉ ရက်က ဗန်းမော်ခရိုင်အတွင်း ရာသီစိုက်ပျိုးသီးနှံများ ဧကထောင်နှှင့်ချီကာ ပျက်စီးဆုံးရှုံးခဲ့သည်။















