သံလွင်တံတား (မော်လမြိုင်) အပေါ်၌ ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခွဲအချိန်ခန့် ကစပါးများတင်ဆောင်လာသည့် ခြောက်ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး နှစ်နာရီကျော်ကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ စပါးများတင်ဆောင်လာသည့် ခြောက်ဘီးကုန်တင်ယာဉ်မှာ မော်လမြိုင်မြို့ ဘက်မှ မုတ္တမမြို့ဘက်သို့မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တံတားရေလယ်တိုင် အမှတ် (RP-6) အရောက်တွင် တံတားပေါင် နှင့် တိုက်မိကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်းနှင့် ကုန်တင်ယာဉ်မောင်းတွင် ထိခိုက် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ပြီးတံတားပေါင် ပျက်စီးမှုများလည်းရှိခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုအား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မော်လမြိုင်မြို့မှ အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
“ကားပါ လဲသွားတော့ ကားကိုပြန် ထောင်ဖို့က ကားပေါ်မှာပါတဲ့ စပါးအိတ်တွေ ကို ဖယ်ရတာနဲ့ ကားထောင်ပြီးတော့ စပါး အိတ်တွေ ပြန်တင်ပေးရတာနဲ့အချိန်က နှစ် နာရီ ကျော်ကျော်လောက်တော့ ကြာသွား တယ်။ အဲ့ဒီအချိန်မှာတော့ တံတားကို ခေတ္တ ပိတ်ထားတယ်လို့တော့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့နောက် နံနက် ၁၁ နာရီ ၄ဝအချိန် ခန့်တွင် သံလွင်တံတား (မော်လမြိုင်) ပေါ်တွင် ယာဉ်လမ်းကြောင်းများ ပြန်လည်ပွင့်သွားခဲ့ပြီး နောက် နှစ်ဖက်ယာဉ်ကားများ ပုံမှန်အတိုင်း ပြန်လည်သွားလာလျက်ရှိကြောင်း သိရသည်။















