ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား

ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား
Published 3 February 2022

ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။    

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ၂၀၂၂ ခုနှစ်သည် အရေးပါသောနှစ်ဖြစ်ကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်သည် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုမိုခိုင်မာစေရန် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံရန် အရေးကြီးကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲတွင်လည်း ဖော်ပြပြီးဖြစ်သည့်အတွက် သက်ဆိုင်သူများ၊ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လိုကြောင်းကို ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အသင့်ရှိနေသည်ကို ဖြည့်စွက်ပြောကြားလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုထောက်ခံသည့် ပြည်သူလူထုကို    ကိုယ်စားပြုသောသူများဖြစ်ကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိပြီး ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို သွားမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်ပြီး အယူ အဆအမျိုးမျိုးကွဲပြားနေသော်လည်း မိမိတို့နိုင်ငံနှင့်သဟဇာတဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သလို လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန်လိုအပ်မည် ဖြစ်ကြောင်း၊ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးခြင်းနှင့် ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဥပဒေအရ အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

အချိုးကျကိုယ်စားပြုခြင်းစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားပြည်သူများ ဥပဒေပြုလွှတ်တော်၌ ပိုမိုကိုယ်စားပြုခွင့်ရရှိမည်ဖြစ်သလို ပြောရေးဆိုခွင့်လည်း ပိုမိုရရှိလာမည်ဖြစ်ပြီး မိမိတို့၏ဒေသအကျိုး၊ လူမျိုးအကျိုးကိုလည်း ယခင်ကထက် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ခွင့်ရရှိလာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ တိုင်းရင်းသားအားလုံး တူညီသည့်အခွင့်အရေးများရရှိရန် အချိုးကျကိုယ်စားပြုခြင်းစနစ်(Proportional Representation)ကို ကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများနှင့် စုပေါင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ လေးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄၆၄၈၂၇၀ ဦး (၄ ဒသမ ၆ သန်းကျော်) ရှိပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် အကျုံးဝင်သော (ဥပဒေအရ နိုင်ငံသားများ) အားလုံးကို ‘ပန်းခင်း’ စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် မေ ၃ ရက်မှစပြီး စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်ပြုလုပ်ရမည့် လူဦးရေ ၃၄၉၁၃၆၄ ဦး (၃ ဒဿမ ၄ သန်းကျော်)အနက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ ၁၉၀၅၈၄၃ ဦး (နှစ်သန်းနီးပါး) ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၅၅ ရာခိုင်နှုန်းနီးပါးပြီးစီးပြီဖြစ်ကြောင်းနှင့် မှတ်ပုံတင်ဆောင်ရွက်မှု အချိန်ကာလအနေဖြင့် ၁၈ လတာကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent