ဟင်္သာတမြို့ဝင်၌ ခရီးသည်များအား ကိုဗစ်ရောဂါပိုး ရှိမရှိဆေးစစ်မှုစတင်သည့်နေ့တွင် လူဦးရေ ၂၀၁ ဦးကို ဆေးစစ်ခဲ့ပြီး တစ်ဦး၌ ပိုးတွေ့ရှိ

ဟင်္သာတမြို့ဝင်၌ ခရီးသည်များအား ကိုဗစ်ရောဂါပိုး ရှိမရှိဆေးစစ်မှုစတင်သည့်နေ့တွင် လူဦးရေ ၂၀၁ ဦးကို ဆေးစစ်ခဲ့ပြီး တစ်ဦး၌ ပိုးတွေ့ရှိ
ဟင်္သာတမြို့ဝင်၌ ခရီးသည်များအား ကိုဗစ်ရောဂါပိုး ရှိမရှိဆေးစစ်နေစဉ်
ဟင်္သာတမြို့ဝင်၌ ခရီးသည်များအား ကိုဗစ်ရောဂါပိုး ရှိမရှိဆေးစစ်နေစဉ်
Published 2 February 2022
အောင်ကျော်မျိုး

ဟင်္သာတမြို့ဝင်၌ ခရီးသည်များအား ကိုဗစ်ရောဂါပိုးဆေးစစ်မှု စတင်သည့်နေ့တွင် လူဦးရေ ၂၀၁ ဦးကို ဆေးစစ်ခဲ့ပြီး တစ်ဦး၌ ပိုးတွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါဆေးစစ်မှုကို ဖေဖော်ရီ ၁ ရက်တွင် ပထမဦးဆုံးရက်အဖြစ်စတင်ခဲ့ပြီး ရန်ကုန်ဘက်မှ ဝင်ပေါက် လယ်တော်ဂိတ်နှင့် မြန်အောင်ဘက်မှ ဝင်ပေါက် လယ်တီကွင်းဂိတ်တို့၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“မနေ့က ကိုဗစ်ရောဂါပိုး ရှိမရှိစစ်တာ စုစုပေါင်း ၂၀၁ ယောက်ပါ။ လယ်တော်ဂိတ်မှာက ၁၀၁ ယောက်၊ လယ်တီကွင်းဂိတ်မှာက အယောက် ၁၀၀ စစ်ဖြစ်ပါတယ်။ လယ်တော်ဂိတ်ဘက်မှာ စစ်တဲ့အထဲက တစ်ယောက်ပိုး တွေ့ပါတယ်။ သူက ဟင်္သာတဇာတိသားပါ။ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတစ်ဦးလို့ သိရပါတယ်။ သူက ဟင်္သာတကနေသွားတာ နှစ်လကြာပြီ။ ပထမဆုံး ရန်ကုန်သွားတယ်။ ရန်ကုန်ကနေ မော်လမြိုင်သွားတယ်လို့ သိရတယ်။ မော်လမြိုင်မှာက သုံးရက်ပဲ ကြာတယ်။ အလုပ်ကိစ္စ သွားခဲ့တာလို့သိရပါတယ်။ အဲဒီကနေ ဟင်္သာတကို ပြန်လာတဲ့အချိန် ရောဂါ ပိုးစစ်ဆေးတွေ့ရှိခဲ့တာပါ” ဟု ကိုဗစ်ရောဂါပိုး ရောဂါပိုး ရှိမရှိစစ်ဆေးသူတစ်ဦးက ဖြေကြားသည်။

ဆေးစစ်ရာ၌ ပိုးတွေ့ခဲ့သူမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားသူဖြစ်ပြီး လက်ရှိတွင် ၎င်းကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ “ပိုးတွေ့တဲ့တစ်ယောက်ကို ဆေးရုံကို ပို့ထားပါတယ်။ သူက ဆေးနှစ်ကြိမ်ထိုးပြီးသား။ သူနဲ့အတူ ခရီးသည်တင်ကားမှာပါလာတဲ့ ကျန်တဲ့ လေးယောက်ကတော့ Negative ဆိုပေမယ့် သူတို့ကို Stay Home ထားထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်တွင်လည်း ဟင်္သာတမြို့ဝင်၌ ကိုဗစ်ရောဂါပိုးဆေးစစ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent