မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းခဲ့မှု တစ်နှစ်ပြည့်နှင့်ပတ်သက်၍  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကြေညာချက်တစ်ရပ် ထုတ်ပြန်

မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းခဲ့မှု တစ်နှစ်ပြည့်နှင့်ပတ်သက်၍  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကြေညာချက်တစ်ရပ် ထုတ်ပြန်
Published 1 February 2022

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာထိန်းသိမ်းခဲ့သည့် တစ်နှစ်ပြည့်မြောက်သောနေ့ (ဖေဖော်ဝါရီ ၁ ရက်)တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြရာ၌ ပြီးခဲ့သည့်တစ်နှစ်က မြန်မာ့တပ်မတော်သည် မြန်မာပြည်သူများ၏ဆန္ဒကို ပိတ်ပင်ဟန့်တားပြီး ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကိုဖြုတ်ချကာ အာဏာရယူခဲ့ကြောင်း ပါရှိသည်။ 

ထို့ပြင် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူလူထုအပေါ်တွင် မရေမတွက်နိုင်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း၊ လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားစီရင်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းတို့ကိုလည်း ခံခဲ့ရကြောင်း ဖော်ပြထားသည်။

 ပြည်တွင်းပဋိပက္ခမှာ ဆိုးသထက် ဆိုးလာလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းကြီးမားသော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေကာ ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာမှုကိုလည်း ထိခိုက်စေကြောင်း ပါရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် သန်းနှင့်ချီသောပြည်သူများသည် အသက်ကယ်ဆယ်ရေးအကူအညီများ အကြီးအကျယ်လိုအပ်လျက်ရှိသော်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခြင်းကို ဟန့်တားပိတ်ပင်သလို အကူအညီပေးရေးဝန်ထမ်းများမှာလည်း တိုက်ခိုက်ခံရမှုများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်များကို အမေရိကန်နိုင်ငံအနေဖြင့် ရှုတ်ချပြီး တာဝန်ရှိသူအားလုံး တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးအတွက် အာဆီယံဒေသတွင်းအပါအဝင် မိမိတို့ မိတ်ဖက်များ၊ မဟာမိတ်များအတူ အနီးကပ်ဆောင်ရွက်လျက်ရှိေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် အခြားဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များ၊ သတင်းထောက်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံခြားသားများ စသည့် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်သည့် အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အတားအဆီးမရှိ အကူအညီပေးအပ်ခွင့်ပြုရမည်ဖြစ်ပြီး  နစကအနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ထိထိရောက်ရောက် အပြန်အလှန်ဆွေးနွေးမှုကို အလျင်အမြန်လုပ်ဆောင်သင့်ကြောင်း  ဖော်ပြထားသည်။

မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြောဆိုသည့်အသံများကို ဆက်လက် ပိတ်ပင်တားဆီးနေမည်ဆိုပါက တပ်မတော်နှင့် ၎င်းကိုထောက်ခံသူများအား ဒဏ်ခတ်အရေးယူမှုများကို အမေရိကန်နိုင်ငံအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို မေ့လျော့ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ကျဉ်းနိုင်ရန် မဆုတ်မနစ် ကြိုးစားအားထုတ်လျက်ရှိသော ပြည်သူများအား ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။

 

 

         

Most Read

Most Recent