POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A3 တွင် Shwe Phase 2 Exploration Project အတွက် တူးဖော်ရေးလုပ်ငန်းများ ဇန်နဝါရီ ၃၀ မှ ဧပြီ ၁၅ ရက်အတွင်း ဆောင်ရွက်မည်

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A3 တွင် Shwe Phase 2 Exploration Project အတွက် တူးဖော်ရေးလုပ်ငန်းများ ဇန်နဝါရီ ၃၀ မှ ဧပြီ ၁၅ ရက်အတွင်း ဆောင်ရွက်မည်
Posco ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ် (Photo- Posco International)
Posco ၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ် (Photo- Posco International)
Published 18 January 2022

POSCO က ကမ်းလွန်လုပ်ကွက်အမှတ် A3 တွင် Shwe Phase 2 Exploration Project အတွက် တူးဖော်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ မှ ဧပြီ ၁၅ ရက်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် (A3)တွင် Shwe Phase 2 Exploration Project အတွက် တွင်းတူးဖော်ရေးလုပ်ငန်းများအား  Semi-Submersible Rig “Deepwater NAUTILUS” (Call Sign: D5 UE8) ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၁၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။

သို့ဖြစ်ရာ ယင်းလုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် တွင်းတူးဖော်ရေးတည်နေရာများမှ လေးကီလိုမီတာ ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက်လည်း ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းလွန်လုပ်ကွက် A3 တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၃၈ သန်းထွက်ရှိမည့် ရေနံဓာတ်ငွေ့သိုက်အသစ် “မဟာ” ကိုတွေ့ရှိခဲ့ကြောင်း Posco International က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Posco သည် မြန်မာနိုင်ငံအတွင်း တူးဖော်ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့လုပ်ကွက်အနီးဝန်းကျင်တွင် နောက်ထပ်ဓာတ်ငွေ့သိုက်အသစ် ‘မဟာကို’ ထပ်မံတွေ့ရှိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ထုတ်လုပ်မှုစမ်းသပ်ချက်အရ မဟာဓာတ်ငွေ့သိုက်တွင် တစ်ရက်လျှင် ကုဗပေ ၃၈ သန်းထွက်ရှိပြီး သဲကြောအသားတင်အထူ မှာ ၁၂ မီတာရှိသည်။        

မြန်မာ့ကမ်းလွန်လုပ်ကွက် A3 တွင် မြဓာတ်ငွေ့သိုက်မှ ထုတ်လုပ်နေပြီး ယခုမြဓာတ်ငွေ့သိုက်၏ အနောက်တောင်ဘက် ရေနက်ပိုင်းတွင် ဓာတ်ငွေ့သိုက်အသစ် ထပ်မံတွေ့ရှိခြင်းဖြစ်သည်။ လုပ်ကွက် A3 လုပ်ငန်းများတွင် Posco၊ MOGE၊ ONGC၊ GAIL၊ GOGAS တို့ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။

မဟာဓာတ်ငွေ့သိုက်အသစ်သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမီ ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်လျှော့ချနိုင်မည်ဖြစ်ပြီး တည်ဆောက် ရေးကာလတိုတောင်းနိုင်သည့် အားသာချက်များ ရှိနေသည်။

မြန်မာနိုင်ငံသည် Posco ၏ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး လက်ရှိသဘာဝဓာတ်ငွေ့လုပ်ကွက်နှစ်ခုဖြစ်သော ရွှေ (A1) နှင့် မြ (A3) လုပ်ငန်းလည်ပတ်လျက်ရှိသည်။ ယင်းလုပ်ကွက်များမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိသည်။ Posco သည် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစုအမြတ်ငွေ ဝမ် ၆၅၀ ဒသမ ၃ ဘီလျံ (ဒေါ်လာ ၅၄၉ ဒသမ ၈၄ သန်း) ရရှိခဲ့ကြောင်း သိရသည်။