မန္တလေးကုန်စည်ဒိုင်စျေးကွက်တွင် မတ်ပဲအသစ်စျေး တစ်လအတွင်း သုံးတင်ဝင်တစ်အိတ်လျှင် ကျပ်၂၀၀၀၀ ကျော် စျေးမြင့်တက်ပြီး ပဲစင်းငုံအသစ် (၂၀၂၂) စျေးလည်း မြင့်တက်နေ

မန္တလေးကုန်စည်ဒိုင်စျေးကွက်တွင် မတ်ပဲအသစ်စျေး တစ်လအတွင်း သုံးတင်ဝင်တစ်အိတ်လျှင် ကျပ်၂၀၀၀၀ ကျော် စျေးမြင့်တက်ပြီး ပဲစင်းငုံအသစ် (၂၀၂၂) စျေးလည်း မြင့်တက်နေ
Published 17 January 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် မတ်ပဲအသစ်​​စျေး တစ်လအတွင်း သုံးတင်ဝင်တစ်အိတ်လျှင် ကျပ်၂၀၀၀၀ ကျော်​​ မြင့်တက်ပြီး ပဲစင်းငုံအသစ် (၂၀၂၂) စျေးမှာ မန္တလေးပဲစျေးကွက်ထဲသို့ ပစ္စည်းလှိုင်လှိုင်ဝင်​​ရောက်ပြီး တစ်ရက် အိတ်​​တစ်​​သောင်းကျော် ဝင်ရောက်နေသော်လည်း စျေးနှုန်း မြင့်တက်​​နေကြောင်း မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

“မတ်ပဲစျေးက အသစ်ပေါ်ချိန်တုန်းက ၁၁၀၀၀၀ နဲ့ စျေးစဖွင့်ခဲ့တယ်။ အိန္ဒိယကို တင်ပို့ဖို့ ကိုတာသက်တမ်းတိုးတဲ့အချိန်မှာ စျေးပြန်တက်တယ်။ နောက်ပြီး ငွေစျေးအပြောင်းအလဲကြောင့် စျေးတက်တာလည်းပါတယ်။ အမြင့်ဆုံးစျေး ၁၃၅၀၀၀ အထိ စျေးတက်ခဲ့ပြီး ယနေ့ အဖိတ်နေ့မှာ ၁၃၀၀၀၀ စျေးပြန်ဖြစ်ခဲ့တယ်။ ယနေ့စျေးပြန်အေးတယ်။ တစ်နေ့က ၁၃၅၀၀၀ အထိ စျေးဖြစ်ပြီး မနေ့က ၁၂၈၀၀၀ အထိ စျေးဖြစ်ပြီး ယနေ့ကျ ၁၃၀၀၀၀ စျေးဖြစ် သွားတယ်။ ပဲစင်းငုံက မန္တလေးဘက်မှာ ပဲအသစ်လှိုင်လှိုင်ပေါ်တဲ့ရက်ပိုင်း ဖြစ်ပါတယ်။ ပဲအသစ်က တစ်ရက်ကို အိတ်သောင်းဂဏန်း ဝင်တယ်။ ရန်ကုန်ဝယ်လက်တွေ နေ့တိုင်းဝယ်ယူနေတော့ စျေးမကျဘူး။ ပဲစင်းငုံစျေး အမြင့်ဆုံးဖြစ်တာက ဒီတစ်ပတ်အတွင်း ပြီးခဲ့တဲ့ ဥပုသ်ထွက်နေ့က ၁၂၉၀၀၀ အထိ ရောက်ခဲ့ပြီး စျေးပြန်ကျတာက ၁၂၁၀၀၀ အထိ ပြန်ကျတယ်။ လက်ရှိယနေ့ပေါက်စျေးက ၁၂၅၀၀၀ ရှိတယ်။ V2 V7 ကုလားပဲတွေက ပဲအသစ်မပေါ်သေးဘူး။ V2 ကုလားပဲ ၁၄၄ဝဝဝစျေး ၉၂၉ ကုလားပဲ ၁၃၅ဝဝဝစျေး၊ V7 ကုလားပဲ ၁၄၃၀၀၀ စျေး၊ ပဲတီစိမ်းက စျေးကွက်ထဲပစ္စည်းဝင်တဲ့အားက သိပ်မရှိဘူး။ လက်ရှိစျေးဖြစ်နေတာက ပစ္စည်းလှရင် ၁၅၀၀၀၀ ကနေ ၁၂၀၀၀၀ ကြား အရောင်းအဝယ်ရှိတယ်။ ပဲတီစိမ်းအဟောင်း ပစ္စည်းကောင်းရင် ၁၁၀၀၀၀ စျေးရှိတယ်။ ခွဲပဲဆို ၁၀၀၀၀၀ ဝန်းကျင်ရှိတယ်။ ပဲတီစိမ်းက ရန်ကုန်ဘက်ကို သွားတာပါ။ ပဲယင်းအကြီး ၁၀၈၀၀၀ စျေး၊ ပဲယင်းအသေး ၁၀၃၀၀၀ စျေး၊ ပဲယင်းကို တရုတ်လိုင်းက ဝယ်ပြီး ရန်ကုန်ဘက်ကနေ တင်ပို့နေတယ်။ ပဲလွန်းဖြူအသစ် ၁၂၀၀၀၀ ဝန်းကျင်ရှိတယ်။ ထောပတ်ပဲအလတ် အသစ် ၁၂၅ဝဝဝစျေး၊ အကြီးစ ၁၆၀၀၀၀ စျေး ရှိတယ်။ ထောပတ်ပဲအသစ် စျေးကွက်ထဲ နည်းနည်းပါးပါးဝင်သေး တာပါ။ ထောပတ်ပဲအသေးစ ဝင်တယ်။ အ ကြီးစက နည်းသေးတာပါ။ ကျွန်းစားတော်ပဲ အသစ် စျေးကွက်ထဲဝင်တယ်။ စျေးကတော့ ၃၀၀၀၀၀ လို့  ကြားပါတယ်။ အရင်စျေးကွက်ထဲ တင်ပို့တဲ့သူတွေက စျေးကောင်းရနေတယ်။ ကနေဒါစားတော်ပဲစျေး ၁၈၀၀၀၀၊ ယူကရိန်း စားတော်ပဲက စျေးကွက်ထဲ ပစ္စည်းမရှိပါဘူး။ ပြောင်းဖူးစေ့စျေးက စျေးကောင်းတယ်။ တစ် ပိဿာ ၆၆၀ လောက်ရှိတယ်။ သုံးတင်းတစ်အိတ်ကို ၃၆၀၀၀ စျေးရှိတယ်။ အရောင်းအဝယ်ဖြစ်ကြတယ်။ စမုန်နှမ်းထိပ်စ ၂၀၅၀၀၀ စျေးရှိတယ်။ ပုံမှန်အလတ်စစျေး ၁၉၅၀၀၀ စျေးရှိတယ်။ နှမ်းညို ၁၂၀၀၀၀ ကနေ ၁၂၅၀၀၀ စျေးရှိတယ်။ လုံးဆန်အနီ ၂၆၅၀ ကနေ ၂၈၀၀ ရှိတယ်။ အဖြူ ၃၀၀၀ ကနေ ၃၁၀၀ စျေးရှိတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းကို ငါးနှစ်ဆက် အိန္ဒိယနိုင်ငံက ဝယ်ယူသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇွန် ၁၈ ရက်က မြန်မာနှင့် အိန္ဒိယနိုင်ငံအစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံ တန်ချိန်တစ်သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် နောက်ငါးနှစ်ဆက် ဧပြီလမှ မတ်လအတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားရမည် ဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent