ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ မတည်ငွေရင်း ကျပ် ၂၃၉၄ သန်းကျော်နှင့် ဒေါ်လာ ၁၅ သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ မတည်ငွေရင်း ကျပ် ၂၃၉၄ သန်းကျော်နှင့် ဒေါ်လာ ၁၅ သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု အတည်ပြု
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 13 January 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ မတည်ငွေရင်း ကျပ် ၂၃၉၄ သန်းကျော်နှင့် ဒေါ်လာ ၁၅ ဒသမ ၅ သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၂၃၉၄ ဒသမ ၉၁၆ သန်းနှင့် ဒေါ်လာ ၁၅ ဒသမ ၅၁၈ သန်းဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇၃၃၄ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်းအပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက်ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်း အပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံထပ်မံတိုးမြှင့်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်းအပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းထွက်တူးဖော်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ စက်မှုဇုန်ဖော်ဆောင်ရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍစသည့်  လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် အဓိကခွင့်ပြုပေးလျက်ရှိသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ်၊ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၂ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်းပေါင်း ၂၂၅၀ ကျော်အထိ အတည်ပြုခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

ထို့အတူ မြန်မာနိုင်သားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၂၃၀၆ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၈၂၀ ကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent