ဗဟိုဘဏ်မှ ရောင်းချပေးသည့် နိုင်ငံခြားငွေ ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာ ယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရောင်းချပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ကုမ္ပဏီ ၁၀ ခုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၉၉ ဆိုင်တွင် စတင်ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အထူးစျေးနှုန်းဖြင့် ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းစျေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သတ်မှတ်စျေးနှုန်းဖြင့် စတင်ရောင်းချပေးနေသည့် စက်သုံးဆီ အရောင်းဆိုင်များစာရင်းကိုလည်း ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် ဒီဇယ်ဆီများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်စျေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀၀ ၆၇၉၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၇ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၄ ဆိုင်၊ နေပြည်တော်၌ သုံးဆိုင်၊ ပဲခူးတိုင်းဒေသကြီး၌ ၁၄ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် သုံးဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ခြောက်ဆိုင်၊ မွန်ပြည်နယ်တွင် ငါးဆိုင်၊ ရခိုင်ပြည်နယ်တွင် ခြောက်ဆိုင်၊ ရှမ်းပြည်နယ်တွင် ကိုးဆိုင်ဖြင့် စုစုပေါင်း ၉၉ ဆိုင်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။










