တပ်မတော်က အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ

တပ်မတော်က အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ
ရန်ကုန်မြို့လယ်ကောင်ဆန္ဒပြပွဲများ၊ ဆန္ဒပြသူများကို ဖြိုခွဲရန် ပြင်ဆင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဆန္ဒပြရာတွင် ကွယ်လွန်ခဲ့သူအချို့ကို ကြေကွဲခြင်းအထိမ်းအမှတ် ပန်းစည်းများချထားသည့် ဓာတ်ပုံများကို တွေ့ရစဉ်
ရန်ကုန်မြို့လယ်ကောင်ဆန္ဒပြပွဲများ၊ ဆန္ဒပြသူများကို ဖြိုခွဲရန် ပြင်ဆင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဆန္ဒပြရာတွင် ကွယ်လွန်ခဲ့သူအချို့ကို ကြေကွဲခြင်းအထိမ်းအမှတ် ပန်းစည်းများချထားသည့် ဓာတ်ပုံများကို တွေ့ရစဉ်
Published 2 January 2022
ကြည်နိုင်

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၊ နိုင်ငံ၏နေရာအနှံ့အပြားတွင် ဆန့်ကျင်ဆန္ဒပြမှုများ ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ ပေါ်ပေါက်လာခဲ့သည်။

ဦးစွာ မန္တလေးမြို့တွင် လူငယ်အချို့ဦးဆောင်၍ဖေဖော်ဝါရီ ၂ ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် စမ်းချောင်းမြို့နယ်၊ ဂွစျေးအနီးတွင် လူငယ်အချို့ဦးဆောင်၍ ဖေဖော်ဝါ ရီ ၅ ရက်တွင်လည်းကောင်း ပြောက်ကျားဆန္ဒပြခဲ့ပြီး ဖေဖော်ဝါရီ  ၆ ရက်တွင် ရန်ကုန်မြို့ လှည်းတန်း၌ အလုပ်သမားသမဂ္ဂများ စုပေါင်းဆန္ဒပြရာမှ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများလည်း ပူးပေါင်းပါဝင်ကာ အင်အားအများအပြားဖြင့် ဆန္ဒပြမှု စတင်ခဲ့ကြသည်။

ထို့နောက် တပ်မတော်က နိုင်ငံတော်အာဏာ ထိန်းသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် သံပုံးတီးလှုပ်ရှားမှုများကိုလည်း ဖေဖော်ဝါရီ ၃ ရက်မှ စတင်ကာ ည ၈ နာရီတိုင်းတွင် နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့ကြသည်။

ယင်းနောက်နိုင်ငံ၏ နေရာ အနှံ့အပြားတွင် လမ်းမများထက်သို့ ပြည်သူများထွက်လာကာဆန္ဒပြမှုများ နေ့စဉ်ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များကလည်း တားဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။ ပြည်သူများကလည်း လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက် မတွေ့သည့် နည်းလမ်းကျင့်သုံးကာ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ဆက်တိုက်ပြုလုပ်ခဲ့့ကြသည်။

ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် ဆူးလေ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ တာမွေလမ်းဆုံ၊ ဗဟိုဘဏ်ရှေ့တို့တွင် ဆန္ဒပြသူများသည် ပိုမိုစုရုံးကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး တစ်နေ့ထက် တစ်နေ့ အင်အားများပြားလာကာ နေရာအနှံ့တွင် ဆန့်ကျင်ဆန္ဒပြမှု အရှိန်မြင့်တက်လာခဲ့သည်။

၂၂၂၂၂ (သို့မဟုတ်) အကြီးမားဆုံး လူထုဆန္ဒထုတ်ဖော်ပွဲ

အာဏာထိန်းသိမ်းမှု ၂၂ ရက်မြောက်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနီးပါး ပြည်သူများ လမ်းပေါ်ထွက်ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြရာ ယင်းနေ့ကို နှစ်ငါးလုံး လူထုလှုပ်ရှားမှု နေ့အဖြစ် သတ်မှတ်ကာ အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် အကြီးမားဆုံး လူထုဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့ကြီးများတွင် ၂၂၂၂၂  လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာ သတင်းစာမျက်နှာထက်များတွင်လည်း ယင်းသတင်းများကို ဖော်ပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ဆူးလေစေတီတော်နှင့် လူကူးခုံးကျော်တံတားအောက်တွင် ဆန္ဒပြမှုများ၊ ဟောပြောမှုများပြုလုပ်ခဲ့ပြီး မြေနီကုန်း၊ လှည်းတန်း၊ တာမွေ စသည့်လမ်းဆုံလမ်းခွများတွင်လည်း အထိုင်ဆန္ဒပြမှုများ၊ လမ်းလျှောက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် ယခင်ရက်များတွင် အမေရိကန်သံရုံး၊ တရုတ်သံရုံး၊ ရုရှားသံရုံး၊ အင်ဒိုနီးရှားသံရုံး၊ ယူအန်(င်) ရုံး၊ ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) ရှေ့တို့တွင် ဆန္ဒပြမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင်မူ အဆိုပါရုံးများ၊ သံရုံးများရှေ့၌ ဆန္ဒပြခွင့် မပြုတော့ဘဲ လမ်းပိတ်ထားကာ လုံခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။

ဆန္ဒပြသူများကို စတင်ပစ်ခတ်၊ ဖမ်းဆီး

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများနှင့် နိုင်ငံ၏နေရာအနှံ့အပြားတွင် ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်နေဆဲကာလတွင် တပ်မတော်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို ရေပန့်ကားများဖြင့် လူစုခွဲခြင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်လူစုခွဲခြင်း၊ ရော်ဘာကျည်ဆန်များ ပစ်ခတ်လူစုခွဲရာမှ ကျည်ဆန်အစစ် အသုံးပြု၍ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲခြင်းများ လုပ်ဆောင်လာခဲ့သည်။

ထိုသို့ ့ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးမှုများရှိခဲ့သည်။ ယင်းအနက် ဦးစွာ နေပြည်တော်၊ သပြေကုန်းအဝိုင်း၌ ဖေဖော်ဝါရီ  ၉ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင်အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကျည်ဆန်ထိမှန်ခဲ့ကာ ဆေးကုမှုခံယူရင်းသေဆုံးခဲ့ပြီး ယင်းနှင့်ပတ်သက်၍ အာဏာထိန်းသိမ်းထားသည့် တပ်မတော်ဘက်က ၎င်းတို့ပစ်ခတ်ခြင်းမဟုတ်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများအားပစ်ခတ်နှိမ်နင်းမှုများသည် ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းနေ့တွင် ရန်ကုန်မြို့၌ လေးဦးခန့်၊ ထားဝယ်မြို့၌ လေးဦးခန့် သေဆုံးခဲ့ကာ မန္တလေး၊ ပဲခူး၊ ပခုက္ကူ၊ မော်လမြိုင်တို့တွင်လည်း သေနတ်ကျည်ဆန် ထိမှန်ကာ သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

နိုင်ငံအနှံ့တွင် ပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း ဆန္ဒထုတ်ဖော်သူများမှာ ကျေးရွာများ၊ လမ်းမများတွင်ပါ စုရပ်ပြုလုပ်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုများ၊ မော်တော်‌ယာဉ်များဖြင့် ဆန္ဒထုတ်ဖော်မှုများ၊ မော်တော်ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည်မှုများ၊ အလံများ၊ ပိုစတာများ၊ တောင်းဆိုချက်များ ကိုင်ဆောင်ကာ ဆန္ဒပြနေဆဲဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုများ အရှိန်မြင့်တက်လာမှုနှင့်အတူ ပစ်ခတ်နှိမ်နင်းမှုများ၊ သေဆုံးမှုများလည်း မြင့်တက်လာခဲ့သည်။

ဆန္ဒပြမှုများနှင့်အတူ ညပိုင်းလှုပ်ရှားမှုတစ်ခုဖြစ်သည့် သံပုံးတီးသည့် လှုပ်ရှားမှုများပြုလုပ်သော ရပ်ရွာ၊ လမ်းများအတွင်းသို့ ဝင်ရောက်နှိမ်နင်းခဲ့ကြသည်။

ပစ်ခတ်နှိမ်နင်းမှု ပြင်းထန်လာသော်လည်း ခုခံဆန္ဒပြ

ပစ်ခတ်နှိမ်နင်းမှုများ၊ ဖမ်းဆီးမှုများကြောင့် ဆန္ဒပြမှုများ၏အသွင်သဏ္ဌာန်လည်း ပြောင်းလဲလာခဲ့ပြီး မိမိတို့မြို့နယ်များ၊ ဒေသများအလိုက် ခုခံမှုများအဖြစ် သဲအိတ်များအပါအဝင် ပစ်ခတ်မှုများအား ကာကွယ်ရန်အလို့ငှာ ဦးစွာစီစဉ်ဆောင်ရွက်ကာ ဆန္ဒဖော်ထုတ်မှုများကို မြို့နယ်အလိုက်၊ ဒေသအလိုက် ပြုလုပ်ခဲ့ကြသည်။

ပစ်ခတ်နှိမ်နင်းမှုများတွင် မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များ၊ ကျည်အစစ်များအသုံးပြုခြင်း၊ လမ်းများတွင်ခုခံထားသည့်အတားအဆီး၊ အကာအရံများအား ဖယ်ရှားရှင်းလင်းရာတွင် ဘူဒိုဇာများ အသုံးပြုကာ ရှင်းလင်းမှုများသည် မတ်လအတွင်း မြင့်တက်လာခဲ့သည်။

ရန်ကုန်၌ ယင်းကာလအတွင်း ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအနက် မတ် ၁၄ ရက်တွင် လှိုင်သာယာမြို့နယ် အောင်ဇေယျတံတားအဆင်းတွင် ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းခဲ့ရာ ဆန္ဒပြသူ ၆၀ ခန့်သေဆုံးမှုများ ရှိကြောင်း ပြည်ပနှင့် ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့ပြင် မြောက်ဥက္ကလာပ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ အင်းစိန်၊ ပဲခူး၊ မုံရွာ၊ မန္တလေး၊ မြင်းခြံ၊ အောင်ပန်း၊ မိတ္ထီလာ အပါအဝင် နေရာဒေသအနှံ့အပြားတွင် ဆန္ဒပြမှုများနှင့်ပတ်သက်၍ သေဆုံးသူအရေအတွက် ပမာဏ ရာချီရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ မြို့နယ်နေသူများထံမှ သိရသည်။

ပစ်ခတ်၊ ဖမ်းဆီးမှုရှိသော်လည်း အသွင်သဏ္ဌာန်မျိုးစုံဖြင့် ဆက်လက်ဆန္ဒပြ

နိုင်ငံတစ်ဝန်းတွင် ပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများ မတ်လအစပိုင်းမှ စတင်၍ ပိုမိုကျယ်ပြန့်လာကာ လူသေဆုံးမှုများ၊ ဖမ်းဆီးခံရသူများ အရေအတွက်များ မြင့်တက်လာခဲ့ပြီး မတ်လကုန်ခါနီးနှင့် ဧပြီလမှ စတင်ကာ လမ်းမများပေါ်ဆန္ဒပြမှုများ ပြုလုပ်၍မရတော့ဘဲ အသွင်သဏ္ဌာန်မျိုးစုံဖြင့် လူငယ်များဦးဆောင်၍ ဆက်လက်ဆန္ဒပြနေခဲ့ကြသည်။

သဏ္ဌာန်မျိုးစုံဖြင့် ဆန္ဒပြမှုများတွင် ရန်ကုန်မြို့၏ မြို့နယ်အများစု၌ ပြောက်ကျားသပိတ် ဆန္ဒပြမှုများ၊ Silent Strike လှုပ်ရှားမှုများ၊ လူမဲ့ဆန္ဒပြမှုများ၊ ပန်းသပိတ်များ၊ စတစ်ကာလှုပ်ရှားမှုများ၊ ပိုစတာများချိတ်ဆွဲသည့် လှုပ်ရှားမှုများစသည့် ဆန္ဒထုတ်ဖော်၍ရသည့် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြခဲ့ကြပြီး မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ချင်းစသည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏မြို့ရွာများတွင်လည်း အသွင်သဏ္ဌာန်မျိုးစုံဖြင့် လှုပ်ရှားမှုများရှိခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတွင် ပြောက်ကျားဆန္ဒပြမှုများ မေလခန့်မှစတင်ပြီး မြို့နယ်အများစုတွင် ပေါ်ထွက်လာခဲ့ကာ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဒဂုံမြို့နယ် စသည့်မြို့နယ်များတွင် လူငယ်အများစုပါဝင်သည့် ပြောက်ကျားသပိတ်ဆန္ဒပြမှုများ ရှိလာခဲ့သည်။

အဆိုပါ ပြောက်ကျားဆန္ဒပြမှုများတွင်လည်း လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွဲခံရကာ ဖမ်းဆီးခံရသူများလည်းရှိခဲ့ပြီး မေ ၁၅ ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ်တွင်ပြုလုပ်ခဲ့သည့် မြို့နယ်ပေါင်းစုံ ပြောက်ကျားဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်များဖြင့် ဝင်ရောက်ဖမ်းဆီးမှုကြောင့် ငါးဦးခန့် ဖမ်းဆီးခံရသည်။

ထိုသို့ ပြောက်ကျားဆန္ဒပြမှုများအား ဖြိုခွဲဖမ်းဆီးမှုတွင် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ ဒီဇင်ဘာ ၅ ရက်ကကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ ပြုလုပ်သည့် ပြောက်ကျားဆန္ဒပြမှုတွင် ပါဝင်သောလူငယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် ဝင်တိုက်၍ဖြိုခွဲရာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

Silent Strike လှုပ်ရှားမှုများတွင်လည်း မတ် ၂၄ ရက်နှင့် ဒီဇင်ဘာ ၁၀ ရက်တို့တွင် ပြုလုပ်ခဲ့သည့် တိတ်ဆိတ်ခြင်းလှုပ်ရှားမှုများမှာ နိုင်ငံ၏နေရာအနှံ့အပြားတွင် ပြုလုပ်ခဲ့ကြပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းမများပေါ်တွင် သွားလာလှုပ်ရှားမှုနည်းပြီး ငြိမ်သက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နံနက်ပိုင်းတွင် တပ်မတော်က နိုင်ငံတော်အာဏာထိန်းသိမ်းလိုက်ပြီးနောက် ယင်းကိုဆန့်ကျင်သည့် ဆန္ဒပြမှုများ ပေါ်ပေါက်လာသည်မှာ မြို့ကြီးများတွင်သာမက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအထိ ရှိခဲ့ကြပြီး ၂၀၂၁ ခုနှစ်၏ ထင်ရှားသည့် ပြယုဂ် ဖြစ်ခဲ့သည်။                              

Most Read

Most Recent