နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီးနောက် အဆင့်ဆင့်ဖွဲ့စည်းလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရ

နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီးနောက် အဆင့်ဆင့်ဖွဲ့စည်းလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရ
နေပြည်တော်တွင် စက်တင်ဘာ ၇ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ကျင်းပစဉ်
နေပြည်တော်တွင် စက်တင်ဘာ ၇ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ကျင်းပစဉ်
Published 2 January 2022

မြန်မာနိုင်ငံတွင် ဆယ်စုနှစ် တစ်ခုနီးပါး ကျင့်သုံးခဲ့သော အရပ်သားအုပ်ချုပ်မှုကဏ္ဍသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အဆုံးသတ်သွားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်၊ အမိန့်အမှတ် ၁/၂၀၂၁ ဖြင့်  နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာခြင်းဖြစ်သည်။

ထိုသို့ကြေညာပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း

နိုင်ငံတော်၏ အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှဲပြောင်းရယူပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သည်။

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့က အဆိုပါကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။

ထို့ပြင် အဆိုပါကောင်စီတွင် အရပ်ဘက်မှ လူပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ကနဦးတွင် ကရင်အမျိုးသားအစည်းအရုံးဗဟိုကော်မတီတွင် ပါဝင်ခဲ့ဖူးသည့် ပဒိုမန်းငြိမ်းမောင်၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်အမျိုးသားပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်တို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒေါက်တာသီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်၊ ဒေါက်တာကံဇော်အား ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အသီးသီးတာဝန်ပေးအပ်ခဲ့ပြီး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်အား တာဝန်မှ ရပ်စဲခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်း ဝန်ကြီးဌာန အသီးသီးအတွက် လိုအပ်သော ရာထူးများ ခန့်အပ်ခဲ့ပြီး ရာထူးလက်ရှိ ဖြစ်သူတချို့အား အငြိမ်းစားပေးခြင်းနှင့် တာဝန်မှရပ်စဲခြင်းများ ဆောင်ရွက်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးများအဖြစ် အသီးသီးတာဝန်ပေးခန့်အပ်ခဲ့သည်။

ထို့ပြင် ဦးဝင်းရှိန်အား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလှိုင်အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးချစ်နိုင်အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အသီးသီးခန့်အပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်တွင် ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးသန်းညိန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရွှေလေးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေးအပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖေဖော်ဝါရီ ၃ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွဋ်ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ပွင့်ဆန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစောထွန်းအောင်မြင့်တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီ ၂ ရက်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများကို ခန့်အပ်တာဝန်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၎င်း၏ စီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံးအဖြစ် လည်းကောင်း ဖေဖော်ဝါရီ ၅ ရက်တွင် အမည်ပြင်ဆင်သတ်မှတ်ခဲ့သည်။

အိမ်စောင့်အစိုးရဖွဲ့စည်းခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာသုံးရပ်အား တာဝန်လွှဲပြောင်းရယူပြီးနောက် နိုင်ငံတော်အား စီမံအုပ်ချုပ်နိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်မှုသက်တမ်း ခြောက်လပြည့်ပြီးနောက်တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။

အိမ်စောင့်အစိုးရအဖွဲ့ကို နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အမြဲတမ်းအတွင်းဝန်၊ အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းကြောင်း ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၅၂/၂၀၂၁ ဖြင့်  ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းနောက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်စေခဲ့သည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဟု ဝန်ကြီးဌာန နှစ်ခုခွဲ၍ ဖွဲ့စည်းခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးခင်ရီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေးခန့်အပ်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) နှင့် (၂) ဟူ၍ ခွဲခြားဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ၏ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၏ ပြည်ထောင်စုဝန်ကြီးသည် ဦးချစ်နိုင်ဖြစ်လာသည်။

ယခင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟုု နှစ်ခုခွဲခြား ဖွဲ့စည်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသိန်းဇံတို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များ ဖြစ်လာကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်နှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်တို့ကိုမူ တာဝန်မှ အနားယူခွင့်ပြုခဲ့သည်။

ထိုသို့ ပြင်ဆင်ဖွဲ့စည်းခြင်းများနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေးဝန်ကြီးများ၊ သယံဇာတရေးရာဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့သည်။

Most Read

Most Recent