အူမကြီးအကျိတ်ကုသမှုအတွက် ဆေးရုံတက်ရောက်၍ ကုသမှုခံယူနေရသည့် ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ပီလီသည် ကြာသပတေးနေ့တွင် ဆေးရုံမှ ပြန်ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် ပီလီသည် စက်တင်ဘာလအတွင်း အူမကြီးအကျိတ်ကို ခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက် ကုသမှုများ ဆက်လက်ခံယူနေရခြင်းဖြစ်သည်။
ပီလီသည် ခွဲစိတ်မှုအတွက် ကုသမှုခံယူရန် ဒီဇင်ဘာ ၈ ရက်တွင် ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံသို့ ပြန်လည်တက်ရောက်ကုသခဲ့ရခြင်းဖြစ်ပြီး အခြေအနေတည်ငြိမ်ကောင်းမွန်သဖြင့် နှစ်ပတ်အကြာမှာပင် ပြန်ဆင်းခွင့်ရရှိခဲ့သည်။
သို့ဖြစ် ရာ ပီလီအနေဖြင့် ခရစ္စမတ်ကာလကို နေအိမ်၌ မိသားစုနှင့်အတူ ဖြတ်သန်းခွင့်ရရှိတော့မည်ဖြစ်သည်။
"ကတိပေးထားတဲ့အတိုင်း ခရစ္စမတ်ကို မိသားစုနဲ့ဖြတ်သန်းမှာပါ။ အခု အိမ်ပြန်တော့မယ်။ နွေးထွေးကြင်နာစွာပေးပို့လာတဲ့ စာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်"ဟု ပီလီက Instagram မှတစ်ဆင့် အသိပေးပြောကြားသည်။
ပီလီသည် ဘရာဇီးလ်အသင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုသုံးကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀) ရရှိဖူးပြီး သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားသုံးကြိမ်ရရှိဖူးသည့် တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသလို ထာဝရအကောင်းဆုံးကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်သည်။















