မန်ယူအသင်း၏ နာမည်ကျော် အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် Sky Sports ၏ ဘောလုံးသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ရွိုင်ကင်းက လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးနည်းပြမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်လျက်ရှိပြီး ရွိုင်ကင်းကမူ ယင်းကဲ့သို့ ဦးဆောင်နေခြင်းကြောင့် သုံးသပ်ခြင်းမျိုးမဟုတ်ဘဲ ဂွါဒီယိုလာ၏ အရည်အသွေးကိုသာ အဓိကကြည့်ပြီး ဆုံးဖြတ်ခဲ့သည်ဟု ဆိုခဲ့သည်။
သူသည် ဂွါဒီိယိုလာ၏ မန်စီးတီးအသင်းနှင့်ပတ်သက်ပြီး သင်ခန်းစာတစ်ခု ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းကဲ့သို့အမှားမျိုး ထပ်မံကျူးလွန်တော့မည်မဟုတ်ဟုလည်း ဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ဂွါဒီယိုလာ ပြောင်းရွှေ့လာခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ယင်းအောင်မြင်မှုများမှာ အမှတ်ပေးဖလားအောင်မြင်မှု (၃)ကြိမ်၊ လိဂ်ဖလား (၄)ကြိမ်နှင့် FA ဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်နည်းပြဘဝတွင် အမှတ်ပေးချန်ပီယံဆု (၃)ကြိမ် ရယူနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်သမိုင်းတွင် အာစင်ဝင်းဂါး၊ မော်ရင်ဟိုတို့ နှင့် စံချိန်တူအဖြစ် ရပ်တည်နေပြီး ယခုရာသီတွင် ထပ်မံရယူနိုင်ပါက မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်၏နောက် ဒုတိယအအောင်မြင်ဆုံးနည်းပြလည်းဖြစ်လာမည်ဖြစ်သည်။
ရွိုင်ကင်းက ''ကျွန်တော် မနှစ်က အခြေအနေကို မှတ်မိနေပါသေးတယ်။ မန်စီးတီးအသင်း ဖလားမရနိုင်တော့ဘူးလို့ ကျွန်တော် သုံးသပ်ခဲ့တယ်။ သူတို့အသင်းရဲ့ စရိုက်လက္ခဏာ ပျောက်ဆုံးနေတယ်လို့လည်း ကျွန်တော် ယူဆခဲ့တယ်။ ဒါပေမဲ့ နောက်တော့ သူတို့အမှတ်ပေးဖလား ယူသွားတယ်။ ဒါ ဘယ်လောက်ခက်သလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူတို့လုပ်နိုင်ခဲ့တယ်။ မန်ယူက ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပေမဲ့ သူတို့ကို ဘယ်လိုမှ လိုက်လို့မမီခဲ့ပါဘူး။ အခုတော့ မန်စီးတီးကို ဘယ်တော့မှ မဆန့်ကျင်ဖို့ ကျွန်တော် သိသွားပြီ။ မနှစ်က အဖြစ်အပျက်ကို ကျွန်တော် သင်ခန်းစာယူလိုက်ပါပြီ။ ကျွန်တော် အခုလိုပြောတာက လီဗာပူးလ်၊ ချယ်လ်ဆီးတို့ကို အမှတ်ပေးချန်ပီယံမဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ရွေးခိုင်းရင်တော့ ပက်က ကျွန်တော့်အကြိုက်ပါပဲ။ သူကလက်ရှိ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြလည်းဖြစ်တယ်။ သူ့အသင်းက ကစားသမားအင်အား တောင့်တင်းတယ်လို့ ပြောကြပေမဲ့ ဒီလူတွေကို ကိုင်တွယ်ဖို့၊ ကစားဟန်ဆိုတာတွေက ခက်ခဲတုန်းပါပဲ''ဟု ဆိုခဲ့သည်။















