နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 23 December 2021

နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပသည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီး ဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် မိမိတို့တပ်မတော်သားများ အမြဲတမ်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အမျိုးသားရေးတာဝန်ပင်ဖြစ်ကြောင်း၊ အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ဘာသာ၊ သာသနာ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ရာတွင် ပြည်သူပြည်သားများနှင့်အတူ လက်တွဲညီညီ အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်လာရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ပြီး ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည်၏ လိုအပ်ချက်များကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်းတွင် အထင်အရှား မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မွန်မြတ်ကောင်းမွန်သည့် သမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် တပ်မတော်၏ အဓိကလုပ်ငန်းကြီးသုံးခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဟူ၍ ချမှတ်ပြဋ္ဌာန်းပေးထားပြီးဖြစ်ကြောင်း၊ ယင်းတို့အထဲမှ အခြေခံအကျဆုံးတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးဟူသည့်နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကိုထိပါးလာမည့် ပြည်တွင်း၊  ပြည်ပ အန္တရာယ်များကို ကာကွယ်ချေမှုန်းတိုက်ခိုက်သွားရန်ဖြစ်သော်လည်း ယနေ့ခေတ်အချိန်ကာလတွင်မူ စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု စသည့်အန္တရာယ်များကိုပါ ကာကွယ်နိုင်ရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် မိမိတို့တစ်ဦးချင်း တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဟူသည့် ဆောင်ပုဒ်အတိုင်း သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို အသုံးချနိုင်ရေးအတွက် လေ့လာခြင်း၊ ကျန်းမာကြံ့ခိုင်ကျွမ်းကျင်နေရန် လေ့ကျင့်ခြင်းနှင့် စစ်အခြေခံသဘောတရားနှင့် စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအတွက်အားဖြစ်ပြီး နိုင်ငံအတွက်အရေးကြုံပါက အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်အမာဆုံး Institution တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားကောင်းများ ဖြစ်သူများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာလက်ဆင့်ကမ်းသယ်ပိုး ထမ်းဆောင်ကြရန် ၎င်းကပြောကြားသည်။

တပ်မတော်သည် အတိတ်ကာလကနိုင်ငံနှင့် လူမျိုးအပေါ်တာဝန်ကျေပွန်မှု၊ သစ္စာစောင့်သိမှု၊ ပေးဆပ်မှုအမျိုးမျိုးကို ကြိုးစားလုပ်ဆောင်ခဲ့ပြီးဖြစ်သကဲ့သို့ ယခုပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံနှင့်လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို တည့်မတ်ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက် မှုမှန်သမျှသည် အမိနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူလူထုကောင်းကျိုးဖြစ်ထွန်းပြီး ကမ္ဘာ့အလယ်တွင် ဆက်လက်ရပ်တည်သွားနိုင်ရန် ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့်စိတ်ရင်းစေတနာနှင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent