PSG အသင်းသို့ မက်ဆီ ရောက်ရှိလာပြီးနောက် အသင်း၏ဘဏ္ဍာရေးပိုင်းအပါအဝင် အခန်းကဏ္ဍအသီးသီးတွင် တိုးတက်မှုများစွာရှိလာခြင်းကို Goal.com ရေးသားဖော်ပြ

PSG အသင်းသို့ မက်ဆီ ရောက်ရှိလာပြီးနောက် အသင်း၏ဘဏ္ဍာရေးပိုင်းအပါအဝင် အခန်းကဏ္ဍအသီးသီးတွင် တိုးတက်မှုများစွာရှိလာခြင်းကို Goal.com ရေးသားဖော်ပြ
Photo: AFP
Photo: AFP
Published 23 December 2021

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းသို့ အာဂျင်တီးနားနာမည်ကြီးတိုက်စစ်မှူး မက်ဆီ ရောက်ရှိလာပြီးနောက် အသင်း၏ဘဏ္ဍာရေးပိုင်းအပါအဝင် အခန်းကဏ္ဍအသီးသီးတွင် တိုးတက်မှုများစွာ ရှိလာခြင်းကို Goal.com က ရေးသားဖော်ပြခဲ့သည်။

အသင်းဂျာစီရောင်းချမှု၊ စပွန်ဆာများ ပိုမိုရရှိလာမှု၊ လူမှုကွန်ရက်များတွင် Follower များစွာတိုးလာမှုနှင့် လက်မှတ်အရောင်းမြင့်တက်လာမှုအချက်များကို နှိုင်းယှဉ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယခုရာသီအတွင်း မက်ဆီ၏ PSG အသင်းဂျာစီရောင်းချရမှုမှာ တစ်သန်းနီးပါးရှိပြီဖြစ်ကြောင်း Goal က အတည်ပြုခဲ့သည်။

PSG အသင်း၏ စပွန်ဆာဒါရိုက်တာ မက်အမ်းစထရောင်းက "သူ(မက်ဆီ)ဟာ တန်ဖိုးကြီးမားတဲ့ လူသားတစ်ယောက်ပါ။ စီးပွားရေးအမြင်နဲ့ပြောရရင်တော့ အကျိုးသက်ရောက်မှုက အံ့အားသင့်စရာကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်က တခြားကလပ်အသင်းတွေထက် ဂျာစီပိုရောင်းချခဲ့ရပြီး အခုနှစ်မှာတော့ ပိုလို့တောင်များမှာပါ။ အသင်းဂျာစီမှာယူမှုတွေကလည်း ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအကြား မြင့်တက်လာတယ်။ ဝယ်လိုအားက အင်မတန်ကြီးမားပါတယ်။ ကျွန်တော်တို့ ပိုထုတ်နိုင်ရင် ပိုရောင်းရမှာပါ" ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းမှ မက်ဆီ ထွက်ခွာပြီးပြီးချင်းမှာပင် PSG အသင်းနှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ များပြားခဲ့သည်။ လက်ရှိတွင် PSG အသင်းသည် Autohero၊ Crypto.com၊ Smart Good Things၊ Gorillas စသည့်ကုမ္ပဏီများနှင့် စပွန်ဆာစာချုပ်များချုပ်ဆိုရန် သဘောတူညီမှုရရှိထားပြီးဖြစ်သည်။

PSG အသင်းသည် မက်ဆီကို တရားဝင်လက်မှတ်ရေးထိုးကာ ခေါ်ယူပြီးနောက် တစ်ပတ်အတွင်းမှာပင် အသင်း၏လူမှုကွန်ရက်ပလက် ဖောင်းအားလုံး၌ Follower အရေအတွက်မှာ ၂၀ သန်း မြင့်တက်သွားခဲ့သည်။

လက်ရှိတွင်လည်း PSG အသင်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် Follower အရေအတွက်မှာ ပျမ်းမျှတစ်လလျှင် တစ်သန်းနှုန်းတိုးလျက်ရှိသည်။

PSG အသင်း၏ ပွဲစဉ်အလိုက် လက်မှတ်ရောင်းချရမှုနှုန်းထားလည်း မြင့်တက်လာခဲ့ပြီး အမ်းစထရောင်းက မှာယူသည့်ပမာဏကို အလျင်မှီအောင် ရောင်းချနိုင်ခြင်းမရှိကြောင်း ဝန်ခံခဲ့သည်။

ထို့ကြောင့် ၎င်းတို့မျှော်လင့်ထားသည့်အတိုင်း မှောင်ခိုဈေးကွက်လည်း ကြီးထွားလာနေသည်ဟု အမ်းစထရောင်းက သုံးသပ်ခဲ့သည်။ မက်ဆီသည် PSG အသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိသည့် အချက်ကိုပါ စာချုပ်တွင် ထည့်သွင်းထားသည်။

မက်ဆီအနေဖြင့် လော်ရီယန့်နှင့်ပွဲမတိုင်မီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲကစားကာ (၆)ဂိုးသွင်း၊ (၅)ဂိုးဖန်တီးခဲ့သည်။

Most Read

Most Recent