အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်မှစတင်၍ နှစ်နှစ်အတွင်း အပြီးသတ်ညှိနှိုင်းရန် လျာထားပြီး ပို့ကုန်စျေးကွက်ရရှိရေး၊ အရည်သွေးမြင့် ရင်းနှီးမြှုပ်နှံမှုများရရှိရေးကို ဦးစားပေးညှိနှိုင်းမည်

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်မှစတင်၍ နှစ်နှစ်အတွင်း အပြီးသတ်ညှိနှိုင်းရန် လျာထားပြီး ပို့ကုန်စျေးကွက်ရရှိရေး၊ အရည်သွေးမြင့် ရင်းနှီးမြှုပ်နှံမှုများရရှိရေးကို ဦးစားပေးညှိနှိုင်းမည်
Published 22 December 2021

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ် နှစ်ဆန်းမှစတင်၍ နှစ်နှစ်အတွင်း အပြီးသတ်ညှိနှိုင်းရန်လျာထားပြီး မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်စျေးကွက်ရရှိရေး၊ အရည်သွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးတို့ကို ဦးစားပေးညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရင်းနှီီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ် နှစ်ဆန်းတွင် စတင်ပြီးနှစ်နှစ်တာကာလအတွင်း အပြီးသတ်ညှိနှိုင်းရန် လျာထားကြောင်း သိရသည်။

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ဆွေးနွေးညှိနှိုင်းရာတွင် မိမိနိုင်ငံ၏ ပို့ကုန်များ စျေးကွက်ရရှိရေး၊ အရည်သွေးမြင့်၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများရရှိရေးတို့ကို ဦးစားပေး ညှိနှိုင်းဆွေးနွေးရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတို့ မထိခိုက်စေရေးအတွက် လိုအပ်သလို ကာကွယ်နိုင်မည့် အစီအမံများကိုလည်း နိုင်ငံ၏ တည်ဆဲဥပဒေ၊ မိမိနိုင်ငံက သဘောတူ လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ သဘောတူစာချုပ်များနှင့်အညီ ရပ်တည် ဆွေးနွေးရန်လိုအပ်ကြောင်း ရင်းနှှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ကနေဒါနိုင်ငံသည် ၁၉၇၇ ခုနှစ်တွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံတစ်ခုအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်နိုင်ရန်အတွက် လေ့လာမှုများကို ၂၀၁၆ ခုနှစ် မှစ၍ စတင်ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်တရားဝင် ညှိနှိုင်းဆွေးနွေး မှုစတင်ရန် ကြေညာခဲ့သည်။

အာဆီယံအနေဖြင့် ကနေဒါနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက်ရှိပြီး ကနေဒါမှာ အာဆီယံ၏ (၁၅) နိုင်ငံမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ-ကနေဒါ ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာဘီလျံ ၂၀ အထိရှိသည်။

ကနေဒါနိုင်ငံက အာဆီယံနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်စီးဝင်မှုမှာ ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံရှိပြီး အာဆီယံနိုင်ငံများက ကနေဒါနိုင်ငံတွင် သွားရောက်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံတို့၏ ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၁၃၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုနိုင်ငံများအနက် ကနေဒါနိုင်ငံသည် အဆင့် ၂၆ တွင်ရှိသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာသန်း ၁၆၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် အဆင့် ၁၆ တွင် ရှိသည်။

 အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့နှင့် ကနေဒါကမ္ဘာ့ရေးရာအဖွဲ့တို့၏ လေ့လာသုံးသပ်ချက်အရလည်းကောင်း၊ နိုင်ငံတကာ စီးပွားရေးကျွမ်းကျင်သူများ၏ သုံးသပ်မှုများအရ လည်းကောင်း အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပိုမိုအကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃ရသန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၃၈၅ဒသမ ၄ဝသန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ် လာ ၃၀၅ ဒသမ ၇၆ သန်း တင်ပို့ခဲ့သည်။

Most Read

Most Recent