ဥရောပလက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ကစားနေသည့် Nations League ပြိုင်ပွဲတွင် တောင်အမေရိကအသင်းများ မကြာမီပါဝင်လာမည်ဖြစ်ကြောင်း UEFA ဒုဥက္ကဋ္ဌ ဘိုနီယက်ခ်က ပြောကြားခဲ့သည်။
ပိုလန်မီဒီယာတစ်ခုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ၎င်းက '' တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပြီးပါပြီ။ ၂၀၂၄ ပြိုင်ပွဲကစပြီး တောင်အမေရိကအသင်းတွေ ပါဝင်လာမှာပါ''ဟု ဆိုခဲ့သည်။
ယခု ကနဦးလျာထားချက်အရ တောင်အမေရိကမှ ရပ်တည်မှုအမြင့်ဆုံး ထိပ်ဆုံး(၆)သင်းမှာ League A တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျန်(၄)သင်းမှာLeague B တွင် ယှဉ်ပြိုင်ရမည်ဟု သိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့သည် ယခုနောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်နေကြောင်းလည်း သိရသည်။