အစ္စရေး ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သော လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့ အလယ်ပိုင်းသို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ လာရောက်

အစ္စရေး ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သော လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့ အလယ်ပိုင်းသို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ လာရောက်
Published 12 October 2024

အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘာသည် လွန်ခဲ့သော သီတင်းပတ်များတွင် လက်ဘနွန် နိုင်ငံ ဘေရွတ်အလယ်ပိုင်း ရှိ အပြင်းထန်ဆုံးသော အစ္စရေးတိုက်ခိုက်ခဲ့သည့်နေရာကို အောက်တိုဘာ ၁၂ ရက်တွင် လာရောက်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ဓာတ်ပုံဆရာက ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရသည့် ဘေရွတ်အလယ်ပိုင်းကို လာရောက်ရာတွင် ဂါလီဘာနှင့်အတူ ဟစ်ဇဘိုလာ လွှတ်တော်အမတ် နှစ်ဦးလည်းလိုက်ပါလာခဲ့သည်ဟု ဆိုသည်။

လူဦးရေထူထပ်သော ဘာစဝာာဧရိယာကို အောက်တိုဘာ ၁၀ ရက်ညတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံးသွားခဲ့ပြီး ၁၁၇ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဟစ်ဇဘိုလာနှင့်နီးစပ်သော သတင်းအရင်းအမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုသည် အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇဘိုလာအုပ်စု၏ လုံခြုံရေးအကြီးအကဲ ဝါဖစ်ဆာဖာကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ သို့ရာတွင်ဝါဖစ်ဆာဖာ၏ ကံကြမ္မာကို မသိရသေးဟု ဟစ်ဇဘိုလာ သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

အစ္စရေးသည် ဂါဇာကမ်းမြောင်တွင် ဟားမာ့စ်ကို တစ်နှစ်နီးပါး ထိုးစစ်ဆင်ခဲ့ပြီးနောက် ယခုအခါ လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာအုပ်စုကို အာရုံပြောင်းပစ်မှတ်ထားလာခဲ့သည်။

စက်တင်ဘာ ၂၃ ရက်မှစတင်၍ အစ္စရေးက ဟစ်ဇဘိုလာကို ထိုးစစ်ဆင်တိုက်ခိုက်မှုများပိုမိုလုပ်ဆောင်နေသောကြောင့် လက်ဘနွန်တွင် လူ ၁,၂၀၀ ကျော် သေဆုံးခဲ့သည်။

 

Photos:AFP

Most Read

Most Recent