လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ်ခေါင်းဆာင်တစ်ဦး သေဆုံး

လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ်ခေါင်းဆာင်တစ်ဦး သေဆုံး
စက်တင်ဘာ ၃၀ ရက်က လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အဆောက်အအုံအပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
စက်တင်ဘာ ၃၀ ရက်က လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အဆောက်အအုံအပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
Published 30 September 2024

လက်ဘနွန်နိုင်ငံတွင်  အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုကြောင့် ဟားမာ့စ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖာတာ ရှီရစ်အဘူအယ်အာမင် သေဆုံးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။

ပါလက်စတိုင်း လွတ်မြောက်ရေးလူထုတပ်ဦး (PFLP) ကလည်း ဘေရွတ်မြို့တော်၏ ကိုလာခရိုင်တွင် တိုက်ခိုက်မှုတစ်ခုအတွင်း ၎င်းတို့၏ ခေါင်းဆောင်သုံးဦး သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ဘေရွတ်မြို့တော် နယ်နိမိတ်အတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်သည်။

တိုက်ခိုက်မှုသည် အဆောက်အအုံတစ်ခု၏ အမိုးကို ထိမှန်ခဲ့ကြောင်း မျက်မြင်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

လက်ဘနွန်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့ကာ ဒါဏ်ရာရသူ ၆၀၀၀ ကျော်ရှိပြီး လူပေါင်းတစ်သန်းခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လက် ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အစ္စရေးကမူ ၎င်းနိုင်ငံ၏ မြောက်ပိုင်း နယ်နိမိတ်များတွင်နေထိုင်သည့် ဒေသခံများကို ဘေးကင်းလုံခြုံမှုရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက်က အစ္စရေးဒရုန်းများသည် ဘေရွတ်မြို့ကောင်းကင်ယံတွင် ပျံသန်းနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျယ်လောင်သည့် ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေးသည် စက်တင်ဘာ ၂၇ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် ဆင်ခြေဖုံးတွင် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နာဆရာလာကို လေကြောင်းတိုက်ခိုက်မှုဖြင့် ချေမှုန်းခဲ့ပြီးနောက် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များနှင့် ယီမင်ရှိ ဟူရ်သီအဖွဲ့၏ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၉ ရက်က ယီမင်ဆိပ်ကမ်း ဟိုဒိုင်ဒါဆိပ်ကမ်းတွင် အစ္စရေး၏ လေ ကြောင်းတိုက်ခိုက်မှုများကြောင့် လူလေးဦး သေဆုံးကာ ၂၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဟူရ် သီတို့အုပ်ချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်တွင်လည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆီးရီးယားနိုင်ငံထဲ ထွက်ပြေးဝင်ရောက်သူ ၁၀၀၀၀၀ ခန့်ရှိပြီး ထိုအရေအတွက်သည် ပြီးခဲ့သည့် နှစ်ရက်အတွင်း နှစ်ဆမြင့်တက်ခဲ့သည်ဟု ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

“အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် လက်ဘနွန်နိုင်ငံထဲက ဆီးရီးယားနိုင်ငံထဲကို ထွက်ပြေးတဲ့ လက်ဘနွန်နဲ့ ဆီးရီးယားနိုင်ငံသား ၁၀၀၀၀၀ အထိရှိလာခဲ့ပါတယ်”ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ  အေဂျင်စီ (UNHCR)၏ ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ပို ဂရန်ဒီက ပြောကြားခဲ့သည်။

လက်ဘနွန်မှ ဆီးရီးယားနိုင်ငံအတွင်းသို့ လူအများအပြား ထွက်ပြေးဝင်ရောက်မှုသည် စက်တင်ဘာ ၂၃ ရက်တွင်အများဆုံး ဖြစ်ကြောင်း UNHCR က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

အစ္စရေးသည် ပြီးခဲ့သည့်ရက်များအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်အဖွဲ့ ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ တောင်ပိုင်းတပ်ဦး အကြီး အကဲ အလီကာရာကီလည်း သေဆုံးခဲ့သည်။

Ref:AFP

                                               

Most Read

Most Recent