တောင်မြေပြိုသဖြင့် လမ်းပျက်စီးခဲ့သည့် သာစည်မြို့နယ် အစွန်အဖျားရှိ ကျေးရွာများ၌ သွားလာရေး အခက်အခဲနှင့် ပျက်စီးဆုံးရှုံးမှုများကြောင့် အကူအညီများ လိုအပ်နေ

တောင်မြေပြိုသဖြင့် လမ်းပျက်စီးခဲ့သည့် သာစည်မြို့နယ် အစွန်အဖျားရှိ ကျေးရွာများ၌ သွားလာရေး အခက်အခဲနှင့် ပျက်စီးဆုံးရှုံးမှုများကြောင့် အကူအညီများ လိုအပ်နေ
Published 12 October 2024

 

 

တောင်မြေပြိုသဖြင့် လမ်းပျက်စီးကာပိတ်မိခဲ့သည့် သာစည်မြို့နယ်အစွန်အဖျားရှိကျေးရွာများ၌ သွားလာရေးအခက်အခဲနှင့် ပျက်စီးဆုံးရှုံးမှုများကြောင့် အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါအကူအညီလိုအပ်သည့်ကျေးရွာများမှာ သာစည်မြို့နယ်အပိုင်ထဲတွင်ပါဝင်သော်လည်း ကလောဘက်နှင့်သွားလာရပိုနီးကြောင်း သိရသည်။

"ရေအေးကွင်း၊ စလယ်အင်း၊ တောင်ပွာ၊ အင်းခေါင်းရွာတွေက အပိုင်ကတော့ သာစည်မြို့နယ်ထဲမှာပါတယ်။ ဒါပေမယ့် သာစည်နဲ့က မိုင် (၇၀)ဝေးတယ်။ ကလောဘက်နဲ့က သွားလာရပိုနီးတယ်။ အင်းခေါင်နဲ့ ကလောဆို (၈)မိုင်၊ (၉)မိုင်လောက်ပဲ ဝေးတယ်။ အခြေအနေက တောင်ပြိုတော့ လမ်းတွေပါ ပြိုကျကုန်တာ။ ကမ်းပါးယံတွေပြိုတာပေါ့။ သစ်ပင်တွေ၊ ကျောက်တွေ၊ မြေတွေနဲ့ဆိုတော့ အကုန်ရှင်းလို့တောင် မပြီးသေးဘူး။ မြို့ကိုသွားဖို့နီးတာဆိုလို့ ကလောဘက်ထွက်တဲ့လမ်းက ဒီတစ်လမ်းပဲရှိတာ။ ပတ်ဝန်းကျင်က တောတောင်တွေပဲ ရှိတာ။ မိုးများပြီး တောင်ပြိုတော့ သွားမရဘဲ ပိတ်မိခဲ့တယ်။ နောက်ပိုင်းမှ အကူအညီရလာတယ်။  သွားလာရအခက်အခဲကြားက ဒီအထိရောက်အောင်လာပြီးပံ့ပိုးပေးတဲ့ အလှူရှင်တွေအကူအညီနဲ့ လတ်တလောစားသောက်ရပ်တည်နေရတာပေါ့။ ကျွန်တော်တို့ စိုက်ခင်းတွေလည်း ပျက်စီးကုန်တော့ အတော်ဒုက္ခရောက်တယ်။ လမ်းပေါက်အောင်လည်း အများကုသိုလ်နဲ့ပြန်ကြိုးစားနေရတယ်။ စက်ယန္တရားခကလည်း မနည်းဘူးလေ။ လမ်းက အရေးကြီးတော့ မနည်းပြန်တည်ဆောက်ရမယ်။ အလှူရှင်တွေအကူအညီနဲ့မှအဆင်ပြေမှာပါ"ဟု ဒေသခံရပ်မိရပ်ဖတစ်ဦးက ဖြေကြားသည်။

"သူတို့ကတကယ်အကူအညီလိုနေတာ။ အဲဒီ နေရာတွေကို ဘုန်းဘုန်းတို့ရောက်အောင်သွားခဲ့တယ်။ လက်ရှိမှာ ခြေလျင်ပဲ အဓိကသွားလို့ရတယ်။ မိုးများပြီး တောင်ပြိုတော့ ရေအဆင်းတိုက်ရိုက်ထိတဲ့နေရာတွေဆို လမ်းဧရိယာလုံးလုံး ပါသွားတာတွေရှိတယ်။ လမ်းပြန်ပေါက်အောင် တောင်မြေသားကို ပြန်ဖြိုနေရတာတွေ့ရတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတော့ လမ်းအမြန်ပွင့်ဖို့ အလှူရှင်တွေအကူအညီနဲ့ သူတို့ကြိုးစားနေတယ်။ စိုက်ပျိုးမြေတွေလည်းပျက်စီးကုန်တော့ လုပ်ငန်းပြန်လုပ်ဖို့မလွယ်ကြသေးဘူး။ ဘုန်းဘုန်းတို့ တတ်စွမ်းသမျှအလှူငွေပံ့ပိုးဖြစ်တယ်။ လမ်းအတွက်လည်း ဘက်ဟိုးခနဲ့ ဆီဖိုးထောက်ပံ့ဖြစ်တယ်။ လမ်းပြန်ပေါက်ဖို့ အကူအညီအတော်လိုဦးမယ်"ဟု ဟင်္သာတမြို့မှ သွားရောက်ထောက်ပံ့ခဲ့သည့် ဓမ္မဗိမာန်ဆရာတော် ဒေါက်တာအရှင်ဉာဏာ လင်္ကာရက မိန့်ကြားသည်။

အဆိုပါ ရေအေးကွင်း၊ စလယ်အင်း၊ တောင်ပွာ၊ အင်းခေါင်း ကျေးရွာ(၄)ရွာ၌ အိမ်ထောင်စု(၁၂၀)စု၊ လူဦးရေ(၄၇၅)ဦး  နေထိုင်လျက်ရှိကြောင်း သိရသည်။

အောင်ကျော်မျိုး

Most Read

Most Recent