ကစားသမားဘဝတွင် မျှော်မှန်းထားသည်ထက် အောင်မြင်မှုပိုရခဲ့ပြီး အဆုံးသတ်ရန်အချိန်ရောက်ပြီဟု စပိန်ဂန္ထဝင်တင်းနစ်သမား နဒါးလ် ပြောကြား  

ကစားသမားဘဝတွင် မျှော်မှန်းထားသည်ထက် အောင်မြင်မှုပိုရခဲ့ပြီး အဆုံးသတ်ရန်အချိန်ရောက်ပြီဟု စပိန်ဂန္ထဝင်တင်းနစ်သမား နဒါးလ် ပြောကြား  
Photos: X
Photos: X
Published 12 October 2024

 

ဂရင်းစလင်းချန်ပီယံဆု ၂၂ ကြိမ်ရရှိထားသည့် စပိန်ဂန္ထဝင်တင်းနစ်သမား ရာဖေးလ်နဒါးလ်က ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်းနှင့်  ကစားသမားဘဝတွင် မျှော်မှန်းထားသည်ထက် အောင်မြင်မှုပိုရခဲ့ပြီး အဆုံးသတ်ရန်အချိန်ရောက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သူ နဒါးလ်သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဒဏ်ရာပြဿနာများကြောင့် ပွဲအနည်းငယ်သာ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၂၀၂၄ ရာသီကုန်တွင် အနားယူဖွယ်ရှိကြောင်း ပြီးခဲ့သည့်နှစ်ကတည်းက ထုတ်ဖော်ပြောကြားထားဖူးသည်။ ၎င်းအနေဖြင့် နိုဝင်ဘာလအတွင်း စပိန်နိုင်ငံ၊ မာလာဂါမြို့၌ ကျင်းပမည့် Davis Cup Finals ပြိုင်ပွဲတွင် စပိန်အသင်းအတွက် ယှဉ်ပြိုင်ကစားပြီးနောက် အနားယူရန် စီစဉ်ထားခြင်းဖြစ်သည်။ နဒါးလ်က အနားယူမည့်ဆုံးဖြတ်ချက်ကို လူမှုကွန်ရက် X တွင် လေးမိနစ်၊ ၄၄ စက္ကန့်ကြာမြင့်သည့် ဗီဒီယိုဖိုင်လွှင့်တင်၍ အတည်ပြုကြေညာခဲ့သည်။

"အားလုံးပဲ မင်္ဂလာပါ။ ပရော်ဖက်ရှင် နယ်တင်းနစ်ကစားသမားဘဝက အနားယူတော့မယ်ဆိုတာ ခင်ဗျားကိုအသိပေးဖို့ ဒီနေရာမှာ ကျွန်တော်ရှိနေတာပါ။ တကယ်တော့ အခက်အခဲကြုံခဲ့ရတဲ့နှစ်တွေက ကြာခဲ့ပါပြီ။ အထူးသဖြင့် လွန်ခဲ့တဲ့နှစ်နှစ်မှာပါ။ အကန့်အသတ်မရှိ ကစားနိုင်တော့မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆိုတာ သေချာပါတယ်။ ဒီဆုံးဖြတ်ချက်ချဖို့ ကျွန်တော် အချိန်တစ်ခုယူခဲ့ရတယ်။ ဒါပေမဲ့ ဘဝဆိုတာ အရာအားလုံး အစနဲ့အဆုံး ရှိပါတယ်။ ပြီးတော့ ဒီရှည်လျားတဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ သင့်လျော်တဲ့အချိန်ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်မျှော်မှန်းထားတာထက် အများကြီး အောင်မြင်မှုပိုရခဲ့ပါတယ်" ဟု နဒါးလ်က ပြောကြားခဲ့သည်။

"မြေစေးကွင်းဘုရင်" ဟု သတ်မှတ်ခံထားရသူ နဒါးလ်သည် ပြင်သစ်အိုးပင်း ပြိုင်ပွဲတွင် စံချိန်တင် ၁၄ ကြိမ်အပါအဝင် သြစတြေးလျအိုးပင်းပြိုင်ပွဲ၌ နှစ်ကြိမ်၊ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ၌ နှစ်ကြိမ်၊ ယူ အက်စ်အိုးပင်းပြိုင်ပွဲ၌ လေးကြိမ် ဗိုလ်စွဲပြီး ဂရင်းစလင်းချန်ပီယံဆု စုစုပေါင်း ၂၂ ကြိမ် ရရှိကာ ဆားဘီးယားကစားသမား နိုဗက်ဂျိုကိုဗစ် (၂၄ ကြိမ်) ပြီးလျှင် သမိုင်းတစ်လျှောက် ဒုတိယအအောင်မြင်ဆုံး အမျိုးသားတင်းနစ် သမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၎င်းသည် ATP Tour ပြိုင်ပွဲများတွင် ဆုဖလား ၉၂ ကြိမ်နှင့် အိုလံပစ်ရွှေတံဆိပ်ဆု နှစ်ကြိမ် (၂၀၀၈ တစ်ဦးချင်း၊ ၂၀၁၆ နှစ်ယောက်တွဲ) ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁ နေရာတွင်လည်း ရက်သတ္တပတ် ၂၀၉ ပတ်ကြာ ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

နဒါးလ်အနားယူမည့် ဆုံးဖြတ်ချက်အပေါ် တင်းနစ်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အားကစားလောကမှ ထင်ရှားကျော်ကြားသူများစွာက လူမှုမီဒီယာများတွင် ဂုဏ်ပြုနှုတ်ဆက်စကားများ အသီးသီးရေးသားခဲ့သည်။

ရာဖေးလ်နဒါးလ် (Fact File)

အမည်အပြည့်အစုံ ■ ရာဖေးလ်နဒါးလ်ပါရေရာ

မွေးသက္ကရာဇ် ■ ၃-၆-၁၉၈၆ (၃၈ နှစ်)

မွေးဖွားသည့်နေရာ ■ မာယော့ကာ၊ စပိန်

နိုင်ငံသား ■ စပိန်

အရပ်အမြင့် ■à ၆ ပေ ၁ လက်မ

ပရိုစတင်သည့်ခုနှစ် ■ ၂၀၀၁

အနားယူသည့်ခုနှစ် ■ ၂၀၂၄

ကစားသည့်ပုံစံ ■ ဘယ်သန် (လက်ပြန်နှစ်ဖက်)

ဆုဖလားစုစုပေါင်း ■ ၉၂ လုံး

ဂရင်းစလင်းအောင်မြင်မှု ■ သြစတြေးလျအိုးပင်း (နှစ်ကြိမ်)၊ ပြင်သစ်အိုးပင်း (၁၄ ကြိမ်)၊ ဝင်ဘယ်လ်ဒန် (နှစ်ကြိမ်)၊ ယူအက်စ်အိုးပင်း (လေးကြိမ်)၊ အိုလံပစ်ရွှေတံဆိပ် (နှစ်ကြိမ်)

ဆုကြေးစုစုပေါင်း ■ ၁၃၄၉၄၆၁၀၀ ဒေါ်လာ

Most Read

Most Recent