ခီယေဆာကဲ့သို့ အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ဗလာဟိုဗစ်အား စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

ခီယေဆာကဲ့သို့ အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ဗလာဟိုဗစ်အား စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ
Photo: JuveFC
Photo: JuveFC
Published 5 September 2024

ဂျူဗင်တပ်စ်အသင်းသည် ယခုနွေတွင် အသင်း၏အဓိကကစားသမား ခီယေဆာကို လက်လွှတ်လိုက်ရသည့်အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက်  အဓိကတိုက်စစ်မှူး ဗလာဟိုဗစ်အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းနှင့်စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သည့် အီတလီတိုက်စစ်ကစားသမား ခီယေဆာကို လီဗာပူးလ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၁၅) သန်းဖြင့် ရောင်းချခဲ့ရသည်။

ဂျူုဗင်တပ်စ်အသင်းသည် ခီယေဆာ(၂၆ နှစ်)အား ခေါ်ယူစဉ်က Add-ons ကြေးအပါအဝင် ယူရိုသန်း (၅၀)အထိ ပေးချေခဲ့ရရာ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ခီယေဆာကဲ့သို့ အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ယခုအခါ အသင်း၏အဓိကတိုက်စစ်မှူး ဗလာဟိုဗစ်အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့် ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ်(၂၄ နှစ်)၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ဇွန်လ (၃၀) ရက်တွင်ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

ဗလာဟိုဗစ်သည် လက်ရှိ ဂျူဗင်တပ်စ်အသင်းတွင် ဆုကြေးများကိုပါ ထည့်သွင်းတွက်ချက်ပါက တစ်နှစ်လစာ ယူရို (၁၂)သန်းအထိ ရရှိနေပြီး ယင်းမှာ စီးရီးအေကစားသမားများထဲတွင် အများဆုံးပမာဏဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းတွင် ဗလာဟိုဗစ်နောက် လစာအများဆုံးရရှိနေသူမှာ နောက်ခံကစားသမား ဘရေမာဖြစ်ပြီး ၎င်း၏တစ်နှစ်လစာမှာ ယူရို(၆)သန်းသာ ရှိသည်။

ထို့ ကြောင့် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများသည် ဗလာဟိုဗစ်အား လစာလျှော့ပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဗလာဟိုဗစ်အား လစာလျှော့ယူစေမည်ဖြစ်သော်လည်း အပိုဆုကြေးကိုမူ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အီတလီမီဒီယာများ၏ဖော်ပြချက်အရ ဗလာဟိုဗစ်သည် ဂျူဗင်တပ်စ်တွင် ပျော်ရွှင်နေသလို၊ နည်းပြ မော့တာနှင့်ဆက်ဆံရေးကောင်းသည့်အတွက် ဂျူဗင်တပ်စ်တာဝန်ရှိသူများက ၎င်းကို စာချုပ်သစ်ချုပ်ဆိုနိုုင်မည်ဟု ယုံကြည်နေကြောင်းသိရသည်။

ဗလာဟိုဗစ်သည် ၂၀၂၂ ခုနှစ်တွင် ဖီအိုရင်တီးနားမှ ဂျူဗင်တပ်စ်သို့ ယူရိုသန်း (၈၀)ဖြင့်ရောက်ရှိလာပြီး ပြိုင်ပွဲစုံ(၁၀၄)ပွဲတွင် (၄၃)ဂိုးသွင်းထားသည်။

Most Read

Most Recent