ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဒဏ်ရာရနေသည့် အသင်း၏ နောက်ခံလူ ဘင်ချီဝဲလ်နေရာ၌ အစားထိုးရန်အတွက် ကစားသမားသစ် ရှာဖွေဖွယ်ရှိနေသည်ဟု ဝန်ခံပြော ကြားခဲ့သည်။
ဘင်ချီဝဲလ်သည် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရ ဖွယ်ရှိနေပြီး ၎င်းမကစားနိုင်သည့်နောက်ပိုင်း ခံစစ်ပြဿနာနှင့် ရလဒ်ပိုင်းကျဆင်းမှုများကို ကြုံတွေ့ရလျက်ရှိနေသည်။
ယင်းအတွက်ကြောင့် တူဟယ်လ်က ဘင်ချီဝဲလ်နေရာတွင် အစားထိုးရန် ကစားသမားရှာဖွေနေသည်ဟု ဝန်ခံခဲ့ခြင်းဖြစ်ပြီး ''ကျွန်တော်တို့ ဘင်နဲ့အတူ ဘာတွေလုပ်ခဲ့သလဲဆိုတာကို သိပါတယ်။ သူရှိတဲ့ အခြေအနေနဲ့ သူမရှိတဲ့အခြေအနေက ခြားနားမှုကြီးမားပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ သူ့လို ကစားသမားမျိုးရဲ့နေရာကို အစားထိုးဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အကောင်းဆုံးအစားထိုးနိုင်ဖို့ ပြင်ဆင်နေသလို၊ သူ အမြန်ဆုံး ပြန်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်'' ဟု ဆိုခဲ့သည်။















