ဒီဇင်ဘာလ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် မဲခွဲပွဲအပြီး၌ ချန်ပီယံရေပန်းစားမှုတွင် ယခင်ထိပ်ဆုံးသုံးသင်းနေရာမှာ အပြောင်းအလဲမရှိသော်လည်း ပွဲကျပ်ကစားရမည့်အသင်းအချို့ အလေးပေးချက်များ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ဗြိတိန်နာမည်ကြီးလောင်းကစားကုမ္ပ ဏီ William Hill မှ နောက်ဆုံးထုတ်ပြန်ထားသည့် အလေးပေးချက်များတွင် အုပ်စုနောက်ဆုံးပွဲစဉ်များမတိုင်မီ ရေပန်းအစားဆုံး သုံးသင်းဖြစ်သည့် မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးလ်အသင်းမှာ ယခင်အတိုင်း ရေပန်းစားမှု အပြောင်းအလဲမရှိသည့်အပြင် အလေးပေးမှု နှုန်းထားများလည်း အနည်းငယ်မြင့်တက်လာခဲ့သည်။
မန်စီးတီးအသင်းက စပို့တင်းလစ္စဘွန်း၊ ဘိုင်ယန်မြူးနစ်အသင်းက ဆာလ်ဇ်ဘာ့ဂ်တို့ နှင့်သာ တွေ့ဆုံရသောကြောင့် အလေးပေးမှု မြင့်တက်လာခြင်းဖြစ်သည်။ သို့သော် လီဗာပူးလ်အသင်းက စီးရီးအေချန်ပီယံ အင်တာမီလန်နှင့် ကစားရမည်ဖြစ်သောကြောင့် ပွဲကျပ် နေသော်လည်း အလေးပေးမှု မြင့်တက်လာခြင်းမှာ အနည်းငယ်အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
မန်စီးတီးအသင်းသည် ယခင် ၃း၁ လေး မှ ၁၁း၄ လေး၊ ဘိုင်ယန်မြူးနစ်အသင်းသည် ယခင် ၄း၁ လေးမှ ရး၂ လေး၊ လီဗာပူးလ်အသင်းသည် ယခင် ၁၁း၂ လေးမှ ၅း၁ လေးသို့ မြင့်တက်လာခဲ့သည်။ ပွဲကျပ်ကစားရမည်ဖြစ်သည့် PSG၊ ရီးယဲလ်နှင့် မန်ယူအသင်းများမှာ အလေးပေးချက်တွင် ရပ်တည်မှုအဆင့်နှင့် နှုန်းထားများပါ ကျဆင်းခဲ့သည်။
PSG အသင်း သည် ယခင် ၆း၁ လေးမှ ၁ဝး၁ လေးနှင့် တစ် ဆင့်လျော့၊ မန်ယူအသင်းသည် ယခင် ၁၆း၁ လေးမှ ၁၈း၁ လေးနှင့် တစ်ဆင့်လျော့၊ ရီးယဲလ် အသင်းသည် ယခင် ၁၈း၁ လေးမှ ၂ဝး၁ လေး နှင့် တစ်ဆင့်လျော့ စသဖြင့် အသီးသီးကျဆင်းခဲ့သည်။
အင်တာမီလန်အသင်းမှာ အလေးနှုန်းထား မကျဆင်းသော်လည်း ရပ်တည်မှုအဆင့်မှာ ယခင် အဆင့် ၁၀ နေရာမှ ၁၁ နေရာသို့ ကျဆင်းခဲ့သည်။ မန်ယူနှင့်ပွဲကျပ်ရင်ဆိုင်ကစားရမည့် အက်သလက်တီကိုအသင်းမှာ ရပ်တည်မှုအဆင့်တစ်ဆင့် မြင့်တက်သကဲ့သို့ အလေးပေးချက်တွင်လည်း ယခင် ၆၆း၁ လေး သာရှိရာမှ ၄ဝး၁ လေးအထိ မြင့်တက်လာခဲ့ ကြောင်း သိရသည်။















