ဆူဇူကီးဖလား အုပ်စု (A) တွင် ထိုင်းနှင့် စင်ကာပူအသင်းအနိုင်ရရှိခဲ့သဖြင့် မြန်မာအသင်း လက်ကျန်တစ်ပွဲမကစားမီ အုပ်စုမှထွက်ရန် သေချာခဲ့

ဆူဇူကီးဖလား အုပ်စု (A) တွင် ထိုင်းနှင့် စင်ကာပူအသင်းအနိုင်ရရှိခဲ့သဖြင့် မြန်မာအသင်း လက်ကျန်တစ်ပွဲမကစားမီ အုပ်စုမှထွက်ရန် သေချာခဲ့
Photo: Affsuzukicup
Photo: Affsuzukicup
Published 15 December 2021

 

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (A)  စတုတ္ထနေ့ကို ဒီဇင်ဘာ ၁၄ ရက်က စင်ကာပူနိုင်ငံ၌ ဆက်လက်ကျင်းပရာ ထိုင်းနှင့် စင်ကာပူအသင်း အနိုင်ရရှိခဲ့သဖြင့် မြန်မာအသင်းမှာ လက်ကျန်တစ်ပွဲမကစားမီ အုပ်စုအဆင့်မှထွက်ရန် သေချာသွားခဲ့ကြောင်း သိရသည်။

စတုတ္ထနေ့တွင် မြန်မာအသင်းပွဲစဉ်မပါဝင်ဘဲ ကျန်လေးသင်း ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းက ဖိလစ်ပိုင်ကို (၂-၁) ဂိုး၊ စင်ကာပူက တီမောကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ထိုင်းနှင့် အိမ်ရှင်စင်ကာပူအသင်းတို့မှာ လက်ကျန်တစ်ပွဲအလိုတွင် ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာသွားခဲ့ပြီး မြန်မာ၊ ဖိလစ်ပိုင်နှင့် တီမောအသင်းမှာ အုပ်စုမှထွက်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲကစားရန် ကျန်ရှိသေးသော်လည်း ရမှတ်သုံးမှတ်သာရသေးသဖြင့် လက်ကျန်တစ်ပွဲအလိုတွင် အုပ်စုမှထွက်ရန် သေချာသွားခဲ့ခြင်းဖြစ်သည်။ ယခု ပွဲအပြီးတွင် အုပ်စု  (A) ၌ ထိုင်းနှင့် စင်ကာပူ အသင်းက သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ် ကိုး မှတ်စီဖြင့် နောက်တစ်ဆင့်တက်ရန် သေချာသွားခဲ့ပြီး သုံးပွဲကစား၊ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ်သုံးမှတ်စီရထားသည့် မြန်မာနှင့် ဖိလစ်ပိုင်အသင်း၊ ပွဲကုန်လေးပွဲကစားပြီး ပွဲတိုင်း အရေးနိမ့်ကာ အမှတ်မရသည့် တီမောအသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။

ထိုင်းနှင့် ဖိလစ်ပိုင်အသင်းမှာ နောက်တစ်ဆင့်တက်ရန် အရေးပါသည့်ပွဲဖြစ်သော ကြောင့်အမာခံကစားသမားများ အစုံအလင် အသုံးပြုခဲ့ပြီး အပြန်အလှန်ရှိခဲ့သည်။ ၂၆ မိနစ်တွင် ဒန်ဒါက ထိုင်းအသင်းအတွက် ဦး ဆောင်ဂိုးသွင်းယူခဲ့ပြီး ၅၇ မိနစ်တွင် ပက်ထရစ် က ဖိလစ်ပိုင်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ထို့ကြောင့် လက်ကျန်မိနစ်များမှာ အကြိတ်အနယ်ရှိခဲ့ပြီး ၇၈ မိနစ်တွင် ထိုင်းအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့သဖြင့် အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။ ယင်းပယ်နယ်တီကို တိုက်စစ်မှူးဒန်ဒါကပင် အမှားအယွင်မရှိ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

အိမ်ရှင်စင်ကာပူအသင်းသည် သုံးပွဲ ဆက်အနိုင်ရခဲ့သော်လည်း တီမောအသင်း၏ တုံ့ပြန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ ဖိလစ်ပိုင်နှင့်ပွဲတွင် ကစားပုံအမှားများခဲ့သည့် တီမောအသင်းသည် ယခုပွဲတွင် အိမ်ရှင် အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး ဖိလစ်ပိုင်အသင်းမှလွဲ၍ ထိုင်း၊ စင်ကာပူနှင့် မြန်မာအသင်းတို့ကို နှစ်ဂိုးပြတ်ဖြင့်သာ အရေးနိမ့်ခဲ့သည်။ စင်ကာပူအသင်းအတွက် အနိုင်ဂိုးများကို ပွဲအစ လေးမိနစ်တွင် အဒမ်ဆာဝမ် ဒီ၊ မိနစ် ၇၀ တွင် ရှာကီရာတို့က သွင်းယူခဲ့သည်။ 

အုပ်စု  (A)  နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် တစ်ချိန်တည်းယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အမျိုးသားအားကစားကွင်း၌ ထိုင်းအသင်းနှင့် စင် ကာပူအသင်း၊ ဘစ်ရှန်ကွင်း၌ မြန်မာအသင်း နှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

Most Read

Most Recent