စပိန်နိုင်ငံ၌ကျင်းပနေသည့် ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) ၏ Grade-1 အဆင့်ရှိ ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ (၁၂)ရက်မှ (၁၉)ရက်အထိ စပိန်နိုင်ငံံ၊ Huelva မြို့၌ ကျင်းပလျက်ရှိပြီး သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၈ ခုနှစ်မှစတင်ကာ BWF က ကျင်းပသည့်ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ယခင်က BWF ၏ Grade-3 အဆင့်ပြိုင်ပွဲများတွင်သာ ယှဉ်ပြိုင်ခဲ့သော်လည်း Grade-1 အဆင့်ရှိ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန်အတွက် BWF ပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ဂျပန်နိုင်ငံ၌ ကျင်းပသည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ လက်ရည်စစ်ပွဲ အောင်မြင်ရန် ကြိုးပမ်းနိုင်ခဲ့သူဖြစ်သည်။
သက်ထားသူဇာသည် ယခင်က BWF ၏ တတိယတန်းအဆင့်ရှိ Grade-3 ပြိုင်ပွဲများတွင်သာ ယှဉ်ပြိုင်ခဲ့သော်လည်း သူမ၏ကစားသမားဘ၀ ပိုမိုတိုးတက်ရန်နှင့် အောင်မြင်မှုများ ရယူနိုင်ရန်အတွက် အဆင့်မြင့်ဆုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်သည်။
စပိန်နိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ သက်ထားသူဇာအတွက် ပထမဆုံး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပြီး လာမည့်နှစ်တွင်လည်း BWF ၏ အဆင့်မြင့်ဆုံးပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ပြိုင်ပွဲများကို အဆင့်များခွဲ၍ ကျင်းပလျက်ရှိပြီး Grade-1 အဆင့်ရှိ ပြိုင်ပွဲများအဖြစ် အိုလံပစ်ပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၊ Thomas Cup ပြိုင်ပွဲ၊ Uber Cup ပြိုင်ပွဲ၊ Sudirman Cup ပြိုင်ပွဲ၊ ကမ္ဘာ့လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ BWF World Senior Championships ပြိုင်ပွဲ၊ Grade-2 အဆင့်ရှိ ပြိုင်ပွဲများအဖြစ် BWF World Tour Finals ပြိုင်ပွဲ၊ World Tour Super 1000 ပြိုင်ပွဲ၊ World Tour Super 750 ပြိုင်ပွဲ၊ World Tour Super 500 ပြိုင်ပွဲ၊ World Tour Super 300 ပြိုင်ပွဲ၊ World Tour Super 100 ပြိုင်ပွဲ၊ Grade-3 အဆင့်ရှိပြိုင်ပွဲများအဖြစ် International Challenge ပြိုင်ပွဲ၊ International Series ပြိုင်ပွဲ၊ Future Series ပြိုင်ပွဲတို့ ပါဝင်လျက်ရှိသည်။
သက်ထားသူဇာက "ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ တော်တော်ကြိုးစားခဲ့ရပြီး ဗီဇာနဲ့ လေယာဉ်လက်မှတ်ရဖို့ တော်တော်ဆောင်ရွက်ခဲ့ရပါတယ်။ ပထမဆုံးယှဉ်ပြိုင်တာဖြစ်ပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်" BWF နှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
သက်ထားသူဇာသည် လက်ရှိကျင်းပနေသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရပြီး တရုတ်တိုင်ပေကစားသမား ပိုင်ယုပိုနှင့် တွေ့ဆုံနေသည်။ ယင်းပွဲစဉ်ကို ဒီဇင်ဘာ (၁၃)ရက် (ယနေ့) မြန်မာစံတော်ချိန်ညပိုင်း (သို့မဟုတ်) မြန်မာစံတော်ချိန် ဒီဇင်ဘာ (၁၄)ရက် နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ သက်ထားသူဇာသည် ဒီဇင်ဘာ (၇)ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၇၇)နေရာသို့ ရောက်ရှိနေသည်။















