မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် နိုဝင်ဘာအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ယင်းဆုအား အကြိမ်အများဆုံး ရယူနိုင်သူများစာရင်းတွင် ပူးတွဲတတိယနေရာရောက်ရှိလာကြောင်း သိရသည်။
နိုဝင်ဘာအတွက် အကောင်းဆုံးဆုရရှိသူများကို သောကြာနေ့က ထုတ်ပြန်ကြေညာရာ ဂွါဒီယိုလာက လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် ဗီလာအသင်းနည်းပြ စတီဗင်ဂျရတ်တို့ကိုကျော်ဖြတ်၍ ဆွတ်ခူးရရှိခဲ့သည်။
မန်စီးတီးအသင်းအနေဖြင့် နိုဝင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားရာ သုံးပွဲစလုံး အနိုင်ရခဲ့ပြီး ဒါဘီပြိုင်ဘက် မန်ယူအသင်းကို အဝေးကွင်း၌ (၀-၂) ဂိုး၊ အဲဗာတန်အသင်းကို အိမ်ကွင်း၌ (၃-၀) ဂိုး၊ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ကစားခဲ့သည်။
ဂွါဒီယိုလာသည် တစ်လတာအကောင်းဆုံး နည်းပြဆုကို ယခုရာသီတွင် ပထမဆုံးအကြိမ်နှင့် စုစုပေါင်း ၁၀ ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး မန်ယူအသင်း ဂန္ထဝင်နည်းပြ ဖာဂူဆန် (၂၇ ကြိမ်) နှင့် အာဆင်နယ်အသင်း ဂန္ထဝင်နည်းပြ အာစင်ဝင်း ဂါး (၁၅ ကြိမ်) တို့၏နောက်တွင် ဒေးဗစ်မွိုက်စ် (ဝက်စ်ဟမ်း) နှင့်အတူ ပူးတွဲတတိယအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။
နိုဝင်ဘာအတွက် အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်နှင့် အကောင်းဆုံးသွင်းဂိုးဆုကို မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီတို့က ဆွတ်ခူးရရှိခဲ့သည်။















