မြိုင်မြို့နယ် မြို့စိုး (တောင်)ကျေးရွာအုပ်စု စာရေးအမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်၊ သမီးဖြစ်သူ မူလတန်းပြဆရာမတို့ ဓားဖြင့် ခုတ်သတ်ခံရ

မြိုင်မြို့နယ် မြို့စိုး (တောင်)ကျေးရွာအုပ်စု စာရေးအမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်၊ သမီးဖြစ်သူ မူလတန်းပြဆရာမတို့ ဓားဖြင့် ခုတ်သတ်ခံရ
Published 10 December 2021

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့စိုး(တောင်)ကျေးရွာနေ မြို့စိုးကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်းဆောင်သူ ဒေါ်အေးအေးပြုံးအပါအဝင် ၎င်း၏ခင်ပွန်းဖြစ်သူ အလယ်တန်းကျောင်းခွဲကျောင်းအုပ်၊ သမီးဖြစ်သူ မူလတန်းပြဆရာမတို့သည် ဒီဇင်ဘာ ၆  ရက်က  နေအိမ်၌ပင် ဓားဖြင့်ခုတ်သတ်ခံရ ကြောင်းသိရသည်။

မြို့စိုးကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်းဆောင်သူ ဒေါ်အေးအေးပြုံးအပါအဝင် မိသားစုဝင်သုံးဦးသည် ဒီဇင်ဘာ ၆ ရက်တွင် သတ်ဖြတ်ခံရကြောင်း သတင်းရရှိသဖြင့့်် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဘောတုံ) ကျောင်းအုပ်တာဝန်ထမ်းဆောင်သူ ဦးမင်းဇော် အသက် (၅၂)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ မြို့စိုးကျေးရွာအုပ်စုစာရေး ဒေါ်အေးအေးပြုံး အသက် (၅၄) နှစ်နှင့် သမီး ဖြစ်သူ အခြေခံပညာမူလတန်းကျောင်း (မကျီးကုန်း) တွင် မူလတန်းပြတာဝန်ထမ်းဆောင်သူ ဒေါ်အေးသူဇာ အသက် (၂၇) နှစ်တို့အား ပဆစ်တုတ်အနေအထားဖြင့် လည်ဂုတ်များ၌ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ဒေါ်အေးအေးပြုံးတို့ မိသားစုဝင်သုံးဦးသည် နေအိမ်၌ အိပ်ပျော်နေစဉ် နံနက် ၄ နာရီခွဲခန့်တွင် အင်အား ၃၀ ဦးခန့်က သေနတ်နှင့် ဓားများကိုင်ဆောင်၍ ရောက်ရှိလာပြီး CDM ပြုလုပ်ခြင်းမရှိသဖြင့် ဒလန်ဟု စွပ်စွဲကာ မိသားစုဝင်သုံးဦးအား နေအိမ်ရှေ့၌ ဒူးထောက်ထိုင်ခိုင်း၍ ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းသေဆုံးသူများတွင် ဖခင်၊ သမီးတို့သည် ပညာရေးဝန်ထမ်းနှင့် မိခင်ဖြစ်သူမှာ ကျေးရွာအုပ်စုစာရေးများဖြစ်ပြီး Non CDM သမားများဖြစ်ကာ အစိုးရအဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော်လည်း CDM မပါခြင်းကြောင့် ယခုကဲ့သို့သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Most Read

Most Recent