■ နည်းပြဘဝ အဆိုးဆုံးအိမ်ကွင်းရှုံးပွဲကို မော်ရင်ဟို ပြန်လည်ပိုင်ဆိုင်ခဲ့ရပြီး သတင်းထောက်အလုပ်မှာ ပိုလွယ်သဖြင့် မိမိတို့က ငွေပိုရခြင်းဖြစ်ဟု တုံ့ပြန်

■ နည်းပြဘဝ အဆိုးဆုံးအိမ်ကွင်းရှုံးပွဲကို မော်ရင်ဟို ပြန်လည်ပိုင်ဆိုင်ခဲ့ရပြီး သတင်းထောက်အလုပ်မှာ ပိုလွယ်သဖြင့် မိမိတို့က ငွေပိုရခြင်းဖြစ်ဟု တုံ့ပြန်
Published 6 December 2021

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် အသင်းဟောင်း အင်တာမီလန်အား အိမ်ကွင်း၌ သုံးဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံး အိမ်ကွင်းရှုံးပွဲရလဒ်ကို တစ်ကျော့ပြန်ပိုင်ဆိုင်ခဲ့ရကြောင်း သိရသည်။

စီးရီးအေ ပွဲစဉ် ၁၆ အဖြစ် ရိုးမားနှင့် အင်တာမီလန်အသင်းတို့ စနေနေ့ညပိုင်းက ရောမမြို့ရှိ အိုလံပီကိုကွင်း၌ ယှဉ်ပြိုင်ကစားရာ ဧည့်သည် အင်တာမီလန်အသင်းက (၀-၃) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

၁၅ မိနစ်တွင် ကွင်းလယ်လူ ချာဟာနိုဂလူးက ထောင့်ကန်ဘောကို တိုက်ရိုက်ကန်သွင်း၍ အဖွင့်ဂိုး၊ ၂၄ မိနစ် တွင် ချာဟာနိုဂလူး၏ပေးပို့မှုမှတစ်ဆင့် ဂျက်ကိုက အသင်းဟောင်းဘက်သို့ ဒုတိယဂိုးနှင့် ၃၉ မိနစ်တွင် ဒမ်ဖရိုင်းစ်က ခေါင်းတိုက်၍ တတိယ ဂိုးသွင်းယူခဲ့သဖြင့် ပထမပိုင်းမှာပင် အင်တာမီလန်အသင်း သုံးဂိုးစလုံး ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် အနိုင်ရလဒ် ကို ထိန်းကစားသွားခဲ့သည်။

ယင်းပွဲရလဒ်မှာ မော်ရင်ဟို အတွက် နည်းပြဘဝသက်တမ်းတစ်လျှောက် အဆိုးဆုံး အိမ်ကွင်းရှုံးပွဲရလဒ်နှင့် တူညီသွားပြီဖြစ်ကြောင်း သိရသည်။

မော်ရင်ဟိုသည် မန်ယူအသင်းကို ကိုင်တွယ်စဉ် ၂၀၁၈ ခုနှစ် သြဂုတ် ၂၇ ရက်က စပါးအသင်းအား အိုးလ်ထရက်ဖို့ဒ်ကွင်း၌ သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ဖူးပြီး ယင်းကဲ့သို့ အဆိုးဆုံးရလဒ်ကို တစ်ကျော့ပြန်ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ရိုးမားအသင်းသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ခုနစ်ပွဲမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ၁၆ ပွဲကစား၊ ရှစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ ခုနစ်ပွဲရှုံး၊ ရမှတ် ၂၅ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ အေစီမီလန်အသင်းနှင့် ၁၃ မှတ်၊ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ အတ္တလန္တာအသင်းနှင့် ကိုးမှတ်ကွာဟသွားပြီဖြစ်သည်။

ထို့ပြင် ရိုးမားအသင်းအနေဖြင့် ယခုနှစ်အတွင်း စီးရီးအေပြိုင်ပွဲတွင် ၁၆ ပွဲမြောက် ရှုံးနိမ့်ခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ပြက္ခဒိန်တစ်နှစ်အတွင်း ရှုံးပွဲအများဆုံးအဖြစ်လည်း မှတ်တမ်းဝင်သွားပြီဖြစ်သည်။

မော်ရင်ဟိုသည် ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိသလို သတင်းထောက်အလုပ်မှာ ပိုမိုလွယ်ကူသဖြင့် မိမိတို့က ဝင်ငွေပိုရခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

''မင်းအလုပ်က ငါတို့ထက် အများကြီးပိုလွယ်တယ်။ ဒါကြောင့်လည်း ငါတို့က မင်းထက် ငွေပိုရတာပေါ့''ဟု မော်ရင်ဟိုက ပြောကြားသည်။

ထို့ပြင် ပွဲအခြေအနေနှင့်ပတ်သက်၍ ၎င်းက ''အင်တာက ကျွန်တော်တို့ထက် ပိုကောင်းတဲ့နေ့ကို ပိုင်ဆိုင်ခဲ့တာပါ။ အင်တာက ကျွန်တော်တို့ထက် ပိုကောင်းပါတယ်။ မပါဝင်နိုင်တဲ့သူတွေ (ပွဲပယ်ခံထားရသည့် တိုက်စစ်မှူး အေဘရာဟမ်ကိုရည်ရွယ်၍) ရှိလို့လည်း ဒီညက တော်တော်လေး ခက်ခဲခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ သူတို့က ကျွန်တော်တို့ရဲ့အထက်မှာ ၂၉ မှတ်အသာနဲ့ ရပ်တည်နိုင်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အရေး သုံးကြိမ်လောက် ရခဲ့ပါတယ်။ နှစ်ကြိမ်က (၀-၀) ဖြစ်နေတဲ့ အချိန်မှာပါ''ဟု ဆက်လက်ပြောကြားသည်။

အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် မော်ရင်ဟိုသည် ဧပြီတွင် စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် တစ်လမပြည့်ခင်မှာပင် ရိုးမားအသင်းနည်းပြအဖြစ် ခန့် အပ်ခံရခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိသည့် သုံးနှစ်စာချုပ် ချုပ်ဆိုထားသည်။

ရိုးမားအသင်းမှာ မော်ရင်ဟိုအတွက် နည်းပြဘဝ ၂၁ နှစ်အတွင်း ကိုးသင်းမြောက် ကိုင်တွယ်ခွင့်ရသည့်ကလပ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent