နိုဝင်ဘာလအတွင်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန်ထုတ်လုပ်မှုများ ကျဆင်းခဲ့ပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ တိုးတက်မှုအများဆုံးဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ

နိုဝင်ဘာလအတွင်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန်ထုတ်လုပ်မှုများ ကျဆင်းခဲ့ပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ တိုးတက်မှုအများဆုံးဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ
Published 3 December 2021

နိုဝင်ဘာလအတွင်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန်ထုတ်လုပ်မှုများ ကျဆင်းခဲ့ပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ တိုးတက်မှုအများဆုံးဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည့် IHS Markit  အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်း တွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို အာဆီယံဒေသတွင်းရှိ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာစသည့် ခုနစ်နိုင်ငံကို စစ်တမ်းအဓိကကောက်ယူခဲ့ခြင်း ဖြစ်သည်။

“အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံတွင်သာ နိုဝင်ဘာလအတွင်း ကုန်ထုတ်လုပ်မှု အခြေအနေများ ကျဆင်းသွားခြင်းကို တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံ၏ ကျဆင်းမှုနှုန်းမှာ ဇန်နဝါရီလမှစပြီး အနည်းဆုံးသို့ လျော့ကျသွားခဲ့တယ်။ တခြားနိုင်ငံများတွင်မူ အဓိကအားဖြင့် တိုးတက်မှုကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ရပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကုန်ထုတ်လုပ်မှုအခြေအနေများ တိုးတက်မှု အများဆုံးနှုန်းကို ပြသခဲ့ပါ တယ်” ဟု IHS Markit  မှ စီးပွားရေးပညာရှင်  Lewis Cooper က ပြောကြားသည်။

အာဆီယံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၃ ရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ၏ PMI အညွှန်းကိန်း ၅၃ ဒသမ ၉ ထက်အနည်းငယ် ကျဆင်းခဲ့သည်။

သို့သော်လည်း အဓိကအကျဆုံး PMI အညွှန်းကိန်း၏ အပြောင်းအလဲမရှိ သတ်မှတ် အမှတ် ၅၀ အထက်တွင် ရှိနေခြင်းက နိုဝင်ဘာလတွင် နှစ်လဆက်တိုက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

တိုးတက်မှုကို မြန်မာနိုင်ငံမှအပ အာဆီယံအဖွဲ့ဝင်နိုင်ငံခုနစ်နိုင်ငံတွင် တွေ့မြင်ခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်တမ်းကောက်ယူခဲ့သည့် အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု  PMI အညွှန်းကိန်းများမှာ အင်ဒိုနီးရှားနိုင်ငံသည် PMI အညွှန်းကိန်း ၅၃ ဒသမ ၉ ဖြင့် အမြင့်ဆုံးတိုးတက်မှုကို မှတ်တမ်းတင်ခဲ့သည်။

မလေးရှားနိုင်ငံသည် PMI အညွှန်းကိန်း ၅၂ ဒသမ ၃ ရှိပြီး အဓိကအညွှန်းကိန်းက စံချိန်တင်နီးပါး တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် PMI အညွှန်းကိန်း ၅၂ ဒသမ ၂ ဖြင့် ခြောက်လအတွင်း အမြင့်ဆုံးဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် PMI အညွှန်းကိန်း ၅၁ ဒသမ ၇ ရှိပြီး ၂၀၂၁ ခုနှစ် မတ်လမှစပြီး အမြင့်ဆုံးဖြစ်သည်။

စင်ကာပူနိုင်ငံသည် PMI အညွှန်းကိန်း ၅၂ ဒသမ ၂ ရှိပြီး သုံးလအတွင်း အနိမ့်ဆုံးကို ထိုးကျသွားသော်လည်း အသင့်တင့် တိုးတက်မှုကို ပြသနေသည့် နှုန်းထားဖြစ်သည်။

ထိုင်းနိုင်ငံ၏ PMI အညွှန်းကိန်း ၅၀ ဒသမ ၆ သို့ ကျဆင်းသွားသော်လည်း စက်မှုကဏ္ဍတွင် ဒသမကိန်းမျှ ဦးမော့လာခြင်းကို ညွှန်ပြခဲ့သည်။ နိုဝင်ဘာလအတွင်း ခိုင်မာသည့် တိုးတက်မှုဆက်လက်ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ PMI အညွှန်းကိန်း ၄၆ ဒသမ ၇ ရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၃ သာရှိသဖြင့် နိုင်ဝင်ဘာလတွင် အနည်းငယ်တိုးတက်မှုအခြေအနေရှိခဲ့သည်။

သို့သော်လည်း PMI အညွှန်းကိန်း၏ အပြောင်းအလဲမရှိ စံသတ်မှတ်ချက် အမှတ် ၅၀ ထက် နိမ့်ကျနေဆဲဖြစ်သည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ အလုပ်ခန့် အပ်မှုပမာဏမှာ နိုဝင်ဘာတွင် တဖန်ကျလာခဲ့ပြန်ရာ နောက်ဆုံး ၂၂ လ အတွင်း ၂၁ လတွင် အလုပ်နေရာဖြတ်တောက်ခံခဲ့ရကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

ကုမ္ပဏီများအနေဖြင့် အထူးသဖြင့် ကျွမ်းကျင်လုပ်သားများနှင့် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများရှိနေသောကြောင့် လက်ကျန်အလုပ်များ တဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအခြေအနေများက ကုန်ကြမ်းရှားပါးမှုအပြင် ဆီစျေးနှုန်းနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာခြင်းနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။

Purchasing Manager’s Index (PMI) အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

Most Read

Most Recent