အာဏာနှင့် လုပ်ပိုင်ခွင့်

အာဏာနှင့် လုပ်ပိုင်ခွင့်
Published 26 November 2021

“ယနေ့ခေတ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်မှုရဲ့ သော့ချက်က သြဇာလွှမ်းမိုးနိုင်မှုပါပဲ။ လုပ်ပိုင်ခွင့် မဟုတ်ပါဘူး။”

ကင်ဘလန်ချက် (၁၉၃၉ ခုနှစ် - ဖွား၊ အသက် ၈၂ နှစ်)

အမေရိကန်စာရေးဆရာ၊ လုပ်ငန်းအကြံပေးပုဂ္ဂိုလ်နှင့်

စိတ်ဓာတ်လှုံ့ဆော်ရေး ဟောပြောသူ

စီမံခန့်ခွဲရေးနယ်ပယ်၌ အခြားသူများကို ကိုင်တွယ်ရန် သို့မဟုတ် သြဇာလွှမ်းမိုးရန်အကြောင်း ပြောကြသည့်အခါ စကားလုံးနှစ်လုံးက ယှဉ်တွဲလျက်ပေါ်လာသည်။ ယင်းမှာ အာဏာနှင့် လုပ်ပိုင်ခွင့်ဖြစ်သည်။ ညွှန်ကြားပုံ နည်းလမ်းတစ်ရပ်၌ လူများအား တုံ့ပြန်လာအောင် ပြုလုပ်ရာ၌ ယင်းစကားလုံးနှစ်လုံးကို အသုံးပြုသည်။ အာဏာဟူသည် အခြားသူများ၏ စိတ်ဆန္ဒ သို့မဟုတ် လုပ်ဆောင်မှုအပေါ် လူတစ်ဦး၏ သြဇာသက်ရောက်နိုင်မှု အရည်အသွေးကို ရည်ညွှန်းသည်။ လုပ်ပိုင်ခွင့်ဟူသည် အခြားသူများကို အမိန့်ပေးနိုင်သည့် လူတစ်ဦး ပိုင်ဆိုင်ထားသော အခွင့်အလမ်းကို ရည်ညွှန်းသည်။ ယင်းစကားလုံးနှစ်လုံးကို အဓိပ္ပာယ်တူညီသည်ဟု အများကယူဆတတ်ကြသော်လည်း ၎င်းတို့ နှစ်ခုကြား သိသာထင်ရှားစွာ ကွဲပြားခြားနားမှု ရှိသည်။ အဓိကအချက်မှာ လုပ်ပိုင်ခွင့်ဟူသည် တရားဝင်သည့် အာဏာဖြစ်ခြင်းပင်။ “လုပ်ပိုင်ခွင့်” ကို “အာဏာ + တရားဝင်ဖြစ်မှု” ဟု မှတ်သားအပ်သည်။

အာဏာဟူသည် အခြားသူများအပေါ် သြဇာလွှမ်းမိုးရန်နှင့် ၎င်းတို့၏ လုပ်ရပ်များကို ထိန်းချုပ်ရန် လူတစ်ဦး၏ အရည်အသွေး သို့မဟုတ် အလားအလာဖြစ်သည်။ လုပ်ပိုင်ခွင့်ဟူသည် အမိန့်များပေးနိုင်၊ ဆုံးဖြတ်ချက်များ ချနိုင်သည့် ဥပဒေဆိုင်ရာ သို့မဟုတ် တရားဝင် အခွင့်အလမ်း ဖြစ်သည်။ အာဏာဟူသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ လက္ခဏာရပ် ဖြစ်သည်။ ရရှိပြီးသား အရည်အသွေးဖြစ်သည်။ လုပ်ပိုင်ခွင့်ဟူသည် တရားဝင်အခွင့်အလမ်း ဖြစ်သည်။ ရာထူးမြင့်ပုဂ္ဂိုလ်များ သို့မဟုတ် စီမံခန့်ခွဲသူများ၏ လက်ဝယ်အပ်နှင်းထားသော တရားဝင်အခွင့်အလမ်း ဖြစ်သည်။ အာဏာ၏ အဓိကရင်းမြစ်သည် အသိအမြင် ဗဟုသုတနှင့် ကျွမ်းကျင်မှု ဖြစ်သည်။ အခြားတစ်ဖက်တွင် ရာထူးအရနှင့် သက်ဆိုင်ရာဌာန၏ ဆုံးဖြတ်ချက်အရ လူတစ်ဦး၌ လုပ်ပိုင်ခွင့် ရှိလာသည်။ အာဏာဟူသည် အထက်သို့ဖြစ်စေ၊ အောက်သို့ဖြစ်စေ၊ ကန့်လန့်ဖြတ်ဖြစ်စေ၊ ထောင့်ဖြတ်ဖြစ်စေ၊ ဘေးတိုက်ဖြစ်စေ မည်သည့်လားရာသို့မဆို စီးဆင်းနိုင်သည်။ လုပ်ပိုင်ခွင့်ဟူသည်ကား လားရာတစ်ခုသာ ရှိသည်။ ယင်းမှာ အောက်သို့သာ ဖြစ်သည်။ အာဏာဟူသည် လူပုဂ္ဂိုလ်ထံ၌သာ ကိန်းအောင်း၏။ အနှစ်သာရသဘောအရ လူတစ်ဦးက ရယူထားနိုင်မှု ဖြစ်သည်။ လုပ်ပိုင်ခွင့်သည် ရာထူးနေရာ၌သာ ကိန်းအောင်း၏။ မည်သူမဆို ယင်းနေရာသို့ ရောက်ပါက ယင်းနှင့်သက်ဆိုင်သော လုပ်ပိုင်ခွင့်ကို ရရှိမည်သာ ဖြစ်သည်။ လုပ်ပိုင်ခွင့်ဟူသည် ဥပဒေစည်းမျဉ်း သဘောအရ အကျုံးဝင်သော်လည်း အာဏာသည်ကား ယင်းသို့မဟုတ်။

ဖော်ပြပါအချက်များကို သုံးသပ်ကြည့်သည့်အခါ အာဏာနှင့်လုပ်ပိုင်ခွင့်တို့ ကွဲပြားခြားနားကြောင်း သိသာထင်ရှားလှသည်။ အာဏာဟူသည် အဆင့် သို့မဟုတ် စီမံမှု သို့မဟုတ် ရာထူးနှင့် မပတ်သက်ပေ။ အခြားတစ်ဖက်၌ ကြည့်လျှင် လုပ်ပိုင်ခွင့်သည် ယင်းတို့နှင့် လုံးဝ ပတ်သက်နေသည်။ ရာထူးအဆင့်အတန်းက လူတစ်ဦး၏ လုပ်ပိုင်ခွင့် အဆင့်အတန်းကို ဆုံးဖြတ်သည်။ ၎င်းအပြင် လုပ်ပိုင်ခွင့်ဆိုင်ရာ ဆက်ဆံရေး (အထက်နှင့် အောက်အကြား ဆက်ဆံရေး) ကို အဖွဲ့အစည်းဇယား၌ သရုပ်ဖော်နိုင်သည်။ အာဏာနှင့် ပတ်သက်သော ဆက်နွှယ်မှုကို အဖွဲ့အစည်းဇယားဖြင့် မဖော်ပြနိုင်ပေ။ လုပ်ပိုင်ခွင့်သည် အာဏာကို တရားဝင်သက်ဝင်စေပြီး အခြားတစ်ဖက်၌ အာဏာသည် လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ရန်နှင့် စီမံခန့်ခွဲရန် အရည်အသွေး ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရာထူးအဆင့်အတန်း မြင့်မားသော်လည်း လုံလောက်သည့် အသိအမြင်၊ ဗဟုသုတနှင့် ကျွမ်းကျင်မှု မရှိပါက လုပ်ပိုင်ခွင့်သာရှိပြီး အာဏာရှိမည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent