အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ဆူဒန်တွင် စစ်တပ်အကြီးအကဲနှင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟမ်းဒေါ့က အစိုးရအဖွဲ့ကို ပြန်လည်ဦးဆောင်မည်ဟု စေ့စပ်ညှိနှိုင်းသူများ ပြောကြား

အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ဆူဒန်တွင် စစ်တပ်အကြီးအကဲနှင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟမ်းဒေါ့က အစိုးရအဖွဲ့ကို ပြန်လည်ဦးဆောင်မည်ဟု စေ့စပ်ညှိနှိုင်းသူများ ပြောကြား
Published 21 November 2021
Ref: AFP

စက်တင်ဘာ ၁၁ ရက်က ဆူဒန်နိုင်ငံ ခါတွန်မြို့တော်တွင်ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ် ဟမ်းဒေါ့အား တွေ့ရစဉ် (Photo: AFP)

ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်လက စစ်တပ်၏ အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အရပ်ဘက်ခေါင်းဆောင်များကို ပြန်လည်လွှတ်ပေးရန် နှင့် ဝန်ကြီးချုပ် အဗ္ဗဒယ်လာဟမ်းဒေါ့အား အစိုးရအဖွဲ့ကို ပြန်လည်ဦးဆောင်ခွင့်ပေးရန် ဆူဒန်စစ်တပ်၏ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ်ဘာဟန်နှင့် ဝန်ကြီးချုပ်ဟမ်းဒေါ့တို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟု ကြားဝင်စေ့စပ်ပေးသူများက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“ဟမ်းဒေါ့ကို ဝန်ကြီးချုပ်ရာထူးနေရာ ပြန်ပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့အတွက် ဗိုလ်ချုပ်ကြီး ဘာဟန်၊ ဟမ်းဒေါ့၊ နိုင်ငံရေးအင်အားစုတွေ နဲ့ လူမှုရေး အဖွဲ့အစည်းတွေအကြား နိုင်ငံ ရေး သဘောတူညီချက်ရရှိခဲ့ပါတယ်” ဟု  ဆူဒန်၏ Umma ပါတီအကြီးအကဲဖြစ်ပြီး ဆူဒန်အရေးတွင် ကြားဝင်စေ့စပ်ပေးသည့် ၀ါရင့် နိုင်ငံရေးသမား ဖာဒလာလာ ဘားမား က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ သည်။

အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးဘာဟန်သည် အောက်တိုဘာ ၂၅ ရက်က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ကာ အရပ်ဘက် ခေါင်းဆောင်များကို ထိန်းသိမ်းခဲ့သည်။

ယင်းအာဏာသိမ်းမှုသည် အရပ်ဘက် အုပ်ချုပ်ရေးကို အသွင်ကူးပြောင်းနေသည့် နှစ်နှစ်ကြာကာလကို အဆုံးသတ်စေခဲ့ကာ  နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုများ၊ ဒဏ်ခတ် အရေးယူမှုများအပြင် ကြီးမားသည့် ဆန္ဒပြမှု များဖြစ်ပွားစေခဲ့သည်။

နယ်ပယ်အရပ်ရပ်မှ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့် နိုင်ငံရေးသမားများပါဝင်သည့် ဆူဒန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်ကတည်းက ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် သဘောတူညီချက်ရရှိ ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ယင်းသဘောတူညီချက်၏ အဓိက အချက်များမှာ ဟမ်းဒေါ့ကို ဝန်ကြီးချုပ်နေရာ ပြန်လည်ပေးအပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ပြန်လွှတ်ပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားရေးနှင့် နိုင်ငံ ရေးတွင် အများသဘောဆန္ဒဖြင့် အသွင်ကူး ပြောင်းရေးကာလကို ပြန်လည်အုပ်ချုပ်ရန် အစရှိသည့် အချက်များပါဝင်ခဲ့သည်။

ဆူဒန်တွင် နိုင်ငံရေးအုပ်စုများ၊ သူပုန်ဟောင်း အဖွဲ့များနှင့် စစ်တပ်ခေါင်းဆောင်များအကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ယခုသဘောတူညီချက်ထပ်မံရရှိခဲ့ခြင်းဖြစ် သည်ဟု စေ့စပ်ညှိနှိုင်းသူများက ပြောကြားခဲ့ သည်။

ဆူဒန်တွင် လူပေါင်း ၄၀ ထက်မနည်း သေဆုံးစေခဲ့သည့် ဆန္ဒပြမှုများ၏ နောက်ဆုံး ဖြစ်စဉ်တစ်ခုအဖြစ် အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လူပေါင်းများစွာပါဝင်ရန်စီစဉ်ခဲ့သည့် ဆန္ဒပြပွဲများ မပြုလုပ်မီအချိန်တွင် ယင်း သဘောတူညီချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်က ဆူဒန်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦးသေဆုံးခဲ့ကာ ယင်းသည် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပိုင်း ဆန္ဒပြမှုများတွင် လူသေဆုံးမှုအများဆုံး နေ့ ဖြစ်ခဲ့သည်။ အာဏာပိုင်များကမူ ယင်း သေဆုံးမှုများကို စုံစမ်းစစ်ဆေးသွားမည်ဟု နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။                                                      

Most Read

Most Recent