အဘွားများလက်ထဲတွင် ကြီးပြင်းလာသူများမှာ အလွန်ကံကောင်းသူများဖြစ်ဟု သုတေသနတွင် လေ့လာတွေ့ရှိ

အဘွားများလက်ထဲတွင် ကြီးပြင်းလာသူများမှာ အလွန်ကံကောင်းသူများဖြစ်ဟု သုတေသနတွင် လေ့လာတွေ့ရှိ
Photo: AFP
Photo: AFP
Published 21 November 2021
Ref: AFP

အဘွားများသည် ခိုင်မာသော ပြုစုပျိုးထောင်မှုဗီဇရှိပြီး ၎င်းတို့၏မြေးများကို အလေးအနက်ပြုစု စောင့်ရှောက်လေ့ရှိသောကြောင့် အဘွားဖြစ်သူတို့နှင့်ကြီးပြင်းလာရသူများမှာ ကံကောင်းသူများဖြစ်သည်ဟု သိပ္ပံပညာရှင်များက သုတေသနလေ့လာမှု စစ်တမ်းအသစ်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

Royal Society B ၏ နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ချက်သည် ချစ်ခင်မြတ်နိုးသော မျိုးဆက်နှောင်ကြိုးနှင့် ပတ်သက်၍ အာရုံကြောလျှပ်တစ်ပြက်လှုပ်ရှားမှုကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးနှောက်အလုပ်လုပ်ပုံကို တိုင်းတာသည့်နည်းပညာဖြစ်သည့် (fMRI) အသုံးပြု၍ အမေရိကန်နိုင်ငံတောင်ပိုင်း ဂျော်ဂျီယာပြည်နယ်ရှိ Emory တက္ကသိုလ်မှ သုတေသီများက အဘွားအယောက် ၅၀ ဦးကို အသက်သုံးနှစ်မှ ၁၂ နှစ်အရွယ်ကြား မြေးများ၏ဓာတ်ပုံများကိုပြသ၍ ၎င်းတို့၏ဦးနှောက်များကို scan ဖတ်ခဲ့သည်။

ယင်းစစ်ဆေးနေစဉ် မည်သူမည်ဝါမှန်း မသိသည့် ကလေးတစ်ဦး၊ ၎င်းတို့၏မြေးများကို အုပ်ထိန်းသူတစ်ဦးနှင့် မည်သူမည်ဝါမှန်းမသိသည့် အရွယ်ရောက်ပြီးသူတစ်ဦး၏ ဓာတ်ပုံများကိုလည်း ပြသခဲ့သည်။

“သူတို့တွေ (အဘွားတွေ) ဟာ ဦးနှောက်နေရာတွေထဲမှာ စိတ်ခံစားမှုဆိုင်ရာ စာနာတာတွေကို ထည့်သွင်းခဲ့ရုံသာမက ဦးနှောက်ရဲ့နေရာတွေထဲကို လှုပ်ရှားမှုနဲ့ရွေ့လျား တုံ့ပြန်မှုတွေနဲ့ပြင်ဆင်မှုတွေကို ထည့်သွင်းခဲ့ပါတယ်” ဟု ယင်းသုတေသနကို ဦးဆောင်သည့် မနုဿဗေဒပညာရှင်တစ်ဦးဖြစ်ပြီး အာရုံကြောသိပ္ပံပညာရှင် ဂျိမ်းစ်ရီလင်းက ပြောကြားခဲ့သည်။

“သူတို့တွေ (အဘွားတွေ) က မြေးဖြစ်သူတွေရဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်တဲ့အခါ မြေးဖြစ်သူတွေရဲ့ ခံစားချက်အတိုင်း သူတို့တွေဟာ အစစ်အမှန်ခံစားကြပါတယ်။ အဲ့ဒါကြောင့် ကလေးတွေက ပျော်ရွှင်နေရင် သူတို့တွေပါ လိုက်ပျော်နေပြီး ကလေးတွေက ဝမ်းနည်းရင်သူတို့တွေပါ စိတ်မကောင်းဖြစ်ကြတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဘွားဖြစ်သူတွေဟာ သူတို့ရဲ့အရွယ်ရောက်ပြီး ကလေးတွေရဲ့ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါမှာလည်း ခံစားချက်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုမပါဝင်ဘဲ လူတစ်ယောက် မည်သည့်အကြောင်းကို တွေးတောနေခြင်း သို့မဟုတ် ခံစားနေခြင်းနှင့် မည်သို့မည်ပုံကို သိရှိနိုင်ရန်ကြိုးစားသော သိမြင်မှု၊ စာနာမှုနှင့် ဆက်နွှယ်နေသည့် ဦးနှောက်အစိတ်အပိုင်း ပိုမိုအားကောင်းလာသည်ကို တွေ့မြင်ခဲ့ရသည်။

အခြားမျိုးစိတ်များနှင့်မတူသည်မှာ လူသားများသည့်ဖက်စပ် မွေးမြူသူများဖြစ်ကြပြီး ယင်းအဓိပ္ပာယ်မှာ မိခင်များသည် သားစဉ်မြေးဆက် ပျိုးထောင်ရာတွင် အကူအညီပေးလေ့ ရှိကြသည်။

ယခင်က ဖခင်ဖြစ်သူများနှင့်အလားတူ သုတေသနလုပ်ဆောင်ခဲ့သည့် ရီလင်းသည် “အဘွားအနုမာနအယူအဆ” ဟု လူသိများသည့် မနုဿဗေဒသီအိုရီတစ်ရပ်ကို ရှာဖွေနိုင်ရန် အဘွားများကို အာရုံစိုက်သုတေသန လုပ်ဆောင်ခဲ့သည်။

အဘွားများသည် စိတ်ခံစားချက်ပိုင်းဆိုင်ရာ စာနာမှုနှင့်လှုံ့ဆော်မှုတို့ ပါဝင်သော ဦးနှောက်အစိတ်အပိုင်းများ ပိုမိုအားကောင်းမှုရှိသည်ဟု ရီလင်းက ယခင်ဖခင်ဖြစ်သူတို့နှင့်ပြုလုပ်သည့် သုတေသနရလဒ်များနှင့် ယခုသုတေသနကို နှိုင်းယှဉ်၍ ထုတ်ပြန်ခဲ့သည်။

သို့သော် ယခုတွေ့ရှိမှုသည် ပျမ်းမျှအခြေအနေသာဖြစ်သည်ဟု ရီလင်းက အလေးပေးပြောကြားခဲ့သည်။

အဖွားဖြစ်သူတို့ကို အင်တာဗျူးရာ၌ ၎င်းတို့ကြုံတွေ့နေရသော စိန်ခေါ်မှုများမှာ မြေးဖြစ်သူများကို မည်သို့ပြုစုပျိုးထောင်ရမည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ကလေးများ၏ မိဘများနှင့် အမြင်ချင်း ကွဲပြားခြားနားနေခြင်း ဖြစ်သည်။

အဖွားအများစုက ၎င်းတို့၏သားသမီးများကို ပြုစုပျိုးထောင်ချိန်တွင် ခံစားခဲ့ရသော အချိန်မရှိမှု၊ ငွေကြေးပိုင်းဆိုင်ရာ ဖိအားများမှာ လက်ရှိတွင် ကင်းလွတ်သွားခဲ့ကြပြီဖြစ်သည်ဟု မှတ်ယူထားကြသည်။

“အဲ့ဒါကြောင့် အဖွားအများစုဟာ သူတို့မိခင်ဖြစ်တုန်းကအချိန်မှာရရှိတဲ့ ပျော်ရွှင်မှုထက် အဖွားဖြစ်ချိန်မှာ ရရှိတဲ့ ပျော်ရွှင်မှုကို ပိုပြီးသဘောကျ နှစ်သက်နေကြပါတယ်” ဟု ရီလင်းက ပြောကြားခဲ့သည်။

Most Read

Most Recent