ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ကာတာနှင့် ဆော်ဒီ သန်းကြွယ်သူဌေးများပိုင်ဆိုင်သည့် PSG၊ မန်စီးတီးနှင့် နယူးကာဆယ်အသင်းများကို နိုင်ငံပိုင်အသင်းများဟု ဝေဖန်ခဲ့ပြီး ဥရောပတွင် နိုင်ငံပိုင်ကလပ်အသင်း (၃၀)အထိ ရှိလာမည့်အချိန် ရောက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် အသင်းဘုတ်အဖွဲ့၏ အထွေထွေညီလာခံကို နိုဝင်ဘာ (၂၀)ရက်(စနေနေ့)တွင် ကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံမတိုင်မီ ဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပီရက်ဇ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပီရက်ဇ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ယူရိုသန်း (၂၀၀)ဖြင့်ခေါ်ယူရန် ကြိုးပမ်းမှုမအောင်မြင်ခဲ့ခြင်းကို အဓိကထားကာ ယခုအခါ ဥရောပကလပ်အသင်းအချို့မှာ နိုင်ငံပိုင်အသင်းများဖြစ်လာပြီဖြစ်ကြောင်း ဝေဖန်ခဲ့ခြင်းလည်းဖြစ်သည်။
ပီရက်ဇ်က ''ကျွန်တော်တို့အနေနဲ့ စာချုပ်သက်တမ်းကို တန်ဖိုးထားပြီး အသင်းကို ကစားသမားကောင်းတွေနဲ့ အကောင်းဆုံးတွေ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အကောင်းဆုံးကစားသမားတွေကို ခေါ်ယူဖို့ဆိုရင် သူတို့နဲ့ ထိုက်တန်ကြေး ပေးချေဖို့လိုအပ်ပါတယ်။ အခု ယူရိုသန်း (၂၀၀)နဲ့ ကမ်းလှမ်းတာတောင် မရောင်းတဲ့ ကလပ်အသင်းတွေ ရှိနေပါတယ်။ ကစားသမားအနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရင်တော့ ပိုကောင်းမှာပါ။ ဒါပေမဲ့ အခုအချိန်မှာ နိုင်ငံပိုင်အသင်းတွေက သူတို့ကစားသမားတွေကို တခြားအသင်းတွေဆီရောင်းချဖို့ ဆန္ဒမရှိပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပီရက်ဇ်က မိမိအနေဖြင့် အသင်း၏ဘဏ္ဍာရေးကို အလေးထားကြောင်းနှင့် ဥရောပတွင် နိုင်ငံပိုင်ကလပ်အသင်း (၃၀)အထိရှိလာနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
''ကျွန်တော့်တို့အနေနဲ့ ပိုက်ဆံ အလွယ်တကူမရနိုင်တာကြောင့် ဘဏ္ဍာရေးစီမံမှုပိုင်းကို အလေးထားပါတယ်။ နိုင်ငံပိုင်ကလပ်အသင်း (၃၀)ထိ ရှိလာတဲ့အချိန်ကို ရောက်လာနိုင်ပါတယ်။ အဲဒီအတွက် ဥရောပသမဂ္ဂမှာ စည်းမျဉ်းမရှိပါဘူး။ ကျွန်တော်ကတော့ အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ''ဟု ၎င်းက ဆိုခဲ့သည်။