ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက RCSS နှင့် မဟာမိတ်တပ်ပေါင်းစုတို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နိုဝင်ဘာ ၇ ရက်က သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းသို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၄၀၉ ဦးသည် နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းကစတင်၍ နေရပ်ပြန်ကြရာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ရောက် ရှိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း RCSS နှင့် မဟာမိတ်တပ်ပေါင်းစုတို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဆွန်လုံရွာ၊ ချောင်းဆုံရွာ၊ မိုးတေအုပ်စု မိုးတေရွာ၊ ကွန်စံလိတ်ရွာ၊ မန်မိုက်ရွာနှင့် ဟာလျံရွာတို့မှ ကျေးရွာသူကျေးရွာသား အိမ်ထောင်စု ၁၅၈ စုမှ စုစုပေါင်း ၄၀၉ ဦးသည် သီပေါမြို့နယ် အောင်မင်္ဂလာဘိုးတော်ကျောင်းသို့ နိုဝင်ဘာ ၇ ရက်မှစတင်ကာ စစ်ဘေးရှောင်ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့စီ ရောက်ရှိလာတဲ့ ဆွန်လုံရွာ၊ ချောင်းဆုံရွာ၊ မိုးတေအုပ်စုက မိုးတေရွာ ကွန်စံလိတ်ရွာ၊ မန်မိုက်ရွာနဲ့ ဟာလျံရွာတွေက ကျေးရွာသူကျေးရွာသား ၄၀၉ ဦးကို သီပေါမြို့ကရှိတဲ့ ပရဟိတအသင်းတွေပေါင်းပြီး နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။ အဲဒီထဲမှာ ကိုယ်ဝန်သည်နှစ်ဦးပါတယ်။ လေဖြတ်လူနာတစ်ဦးပါတယ်။ မွေးကာစကလေး နှစ်ယောက်ပါပါတယ်။ အခုတော့ ကျေးရွာသူကျေးရွာသားတွေကို သူတို့နေရပ်အသီးသီးကို ပို့ဆောင်ခဲ့ပြီး ပြန်ရောက်ကြပါပြီ” ဟု နယ် စည်းမခြားပရဟိတပသင်း (သီပေါ) မှ ဥက္ကဋ္ဌ ကိုမျိုးက ပြောကြားသည်။
ယခုအခါ တိုက်ပွဲများ ရပ်စဲတည်ငြိမ်လျက်ရှိခြင်းကြောင့် စစ်ဘေးရှောင် ၄၀၉ ဦးသည် နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းမှစတင်ကာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာရာ သီပေါမြို့နယ်ရှိ ပရဟိတအသင်းများက ၎င်းတို့ အသင်းပိုင်မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး တချို့မှာ သီပေါမြို့ပွန် တွန်းတံတားထိပ်ရေဆိပ်မှ စက်လှေများဖြင့် နေရပ်သီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သီပေါ၊ နမ္မတူနှင့် ကျောက်မဲမြို့နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေမှုကြောင့် ကျေးရွာသူကျေးရွာသားများ စစ်ဘေးရှောင်ရခြင်းများ ရှိနေပြီး ၎င်းတို့စိုက်ပျိုး ထားသော တောင်ယာလုပ်ငန်းနှင့် မွေးမြူထားသော ကျွဲနွားများ ဆုံးရှုံးမှုများရှိခြင်းအပြင် မိုင်းအန္တရာယ်များကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။















