မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၁၃ ရက်အထိ COVID-19 ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၉ ဒသမ ၅၆ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေးထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၉၅၆၁၁၇၅ (၉ ဒသမ ၅၆ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၅၁၃၁၄၅၀ ဦး (၅ ဒသမ ၁၃ သန်း) ၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း ၁၄၆၉၂၆၀၇ (၁၄ ဒသမ ၆၉ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၂၄ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ Sinopharm ကာကွယ်ဆေး ၂၄ သန်းစာ စာချုပ်ချုပ်ဆိုဝယ်ယူထားသည့် ကာကွယ်ဆေးအားလုံး မြန်မာနိုင်ငံသို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများကို ယခင် အသက် ၅၅ နှစ်အထက် အသက်အရွယ်များကို COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေရာမှ ယခု ၁၀ နှစ်လျှော့ချ၍ အသက် ၄၅ နှစ်အထက်အရွယ်များကို အောက်တိုဘာ ၁၇ ရက်မှစ၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီး ယင်းသို့ထပ်မံတိုးချဲ့ထိုးနှံရာတွင် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများကို ထိုးနှံပေးလျက်ရှိကြောင်းနှင့် လက်ရှိ အသက် ၄၅ နှစ်အထက် အသက်အရွယ်များကိုပါ တိုးချဲ့ထိုးနှံပေးနေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှစ၍ COVID-19 ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းထားသည်။















