စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ်တို့တွင် သတင်းပေးဒလန် နှင့် ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟု စွပ်စွဲချက် ဖြင့် ဒေသခံရွာသားသုံးဦးတို့မှာ နိုဝင်ဘာ ၉ ရက် ၁၁ ရက်နှင့် ၁၂ ရက်က ထပ်မံသတ်ဖြတ် ခြင်းခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိ ရသည်။
ခင်ဦးမြို့နယ် လောင်းရှည်ကျေးရွာတွင် နိုဝင်ဘာ ၉ ရက် ညပိုင်းက အသက် ၄၀ အ ရွယ် အမျိုးသားတစ်ဦးမှာ ၎င်း၏နေအိမ်တွင် ရှိနေစဉ် သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရသည်။
“လောင်းရှည်ရွာသားရဲ့အိမ်မှာ ဂျင်က လိတွေ ဓားတွေ တွေ့တယ်လို့ ကြားရတယ်။ သူက သတင်းပေးနဲ့ ရွာမှာပျူစောထီးအဖွဲ့မှာ လုပ်နေတယ်လို့လည်း ကြားရတယ်။ အသတ် ခံလိုက်ရတာက နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီ မထိုးခင်လောက် အသတ်ခံရတယ်လို့ သိရ တယ်” ဟု ခင်ဦးမြို့ ဒေသခံတစ်ဦးက ပြော ကြားသည်။
ဆက်လက်ပြီး ခင်ဦးမြို့နယ် ငါးတင်းကြီး ကျေးရွာမှ အသက် ၃၀ ကျော်ရှိ ဒေသခံရွာ သားတစ်ဦးမှာလည်း နိုဝင်ဘာ ၁၁ ရက်ညက ၎င်းင်း၏နေအိမ်၌ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ဒေသခံများထံမှ ဆက်လက်စုံစမ်းသိရသည်။
အဆိုပါ လောင်းရှည်ကျေးရွာနှင့် ငါး တင်းကြီးကျေးရွာတို့မှ ရွာသားနှစ်ဦးမှာ သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေခြင်းကြောင့် ၎င်းတို့အဖွဲ့က သတ်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် တောကြီးမြွေဟောက် အဖွဲ့က လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည် ကို တွေ့ရသည်။
အဆိုပါ ခင်ဦးမြို့နယ် တော ကြီးမြွေဟောက်အဖွဲ့က သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့သည်မှာ ၅၄ ဦးအထိ ရှိပြီဖြစ်ကြောင်း ၎င်းအဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်ကို တွေ့ ရသည်။
ခင်ဦးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ အပါအဝင် သတင်းပေးဒလန်နှင့် ပျူစောထီး အဖွဲ့ဝင်များဟု စွပ်စွဲခံရပြီး မကြာခဏလုပ် ကြံသတ်ဖြတ်ခြင်းခံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ဖုတ်ကုန်းကျေးရွာအုပ်စု ဆူးတပ်ကျေးရွာမှ ဒေသခံရွာသားတစ်ဦးမှာ သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ခေါင်း ဆောင်အဖြစ် လုပ်ဆောင်နေခြင်းကြောင့်ဟု ဆိုကာ သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများ ထံမှ ထပ်မံစုံစမ်းသိရသည်။















