၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဒီဇင်ဘာလအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်နှင့် ပြည်ပလေ့ကျင့် ရေးခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရန်အတွက် နိုဝင်ဘာ ၁၁ ရက်တွင် စတင်လေ့ကျင့်မည် ဖြစ်ပြီး ပဏာမကစားသမား ၂၅ ဦး ရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့သည့် အာရှဖလား ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နားပြီးနောက် ပြန်လည်လေ့ကျင့်ရန် စီစဉ်ထား ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၂၂ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အသင်းကောင်းများ နှင့် တစ်အုပ်စုတည်းကျရောက်နေသဖြင့် ပြိုင်ပွဲအကြိုပြင်ဆင်မှုများစွာ ပြုလုပ်ရန် စီစဉ် နေခြင်းဖြစ်သည်။
"ကျွန်တော်တို့အသင်း အနေနဲ့ ပြိုင်ပွဲအကြိုပြင်ဆင်မှုတွေ ပြုလုပ်ဖို့ MFF နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ပြိုင်ပွဲမတိုင်ခင်မှာ နိုင်ငံတကာခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ အနည်းဆုံး လေး၊ ငါးပွဲလောက်ကစားနိုင်အောင် ကြိုးပမ်းနေ ပါတယ်။ ပြည်ပလေ့ကျင့်ရေးခရီးစဉ်တွေလည်း သွားရောက်ဖို့ရှိပါတယ်။ ကျွန်တော်တို့အတွက် အဆင်ပြေမယ့် အစီအစဉ်တွေကို ဘောလုံးအဖွဲ့ချုပ်က ဆောင်ရွက်ပေးနေပါတယ်။ အသင်းကောင်းတွေနဲ့ ကစားရမှာဖြစ်လို့ လုံလောက်တဲ့ပြင်ဆင်မှုတွေရှိဖို့တော့ လိုပါတယ်" ဟု နည်းပြချုပ် ဦးတင်မြင့်အောင်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ခြေ စစ်ပွဲတွင် ယူအေအီး၊ လက်ဘနွန်နှင့် ဂူအမ် အသင်းတို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင် မြင်ခဲ့သော်လည်း နောက်ဆုံးအဆင့် အုပ်စု မဲခွဲရာတွင်မူ လက်ရှိချန်ပီယံ ဂျပန်၊ အာရှ ထိပ်သီး တောင်ကိုရီးယား၊ အာဆီယံထိပ်သီး ဗီယက်နမ်အသင်းတို့နှင့် အုပ်စု (C)သို့ ကျ ရောက်ခဲ့သည်။ ၂၀၂၂ အာရှဖလား အမျိုး သမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခု ခွဲ၍ ပြုလုပ်မည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှု အရ အုပ်စု (A) တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ်တိုင်ပေ၊ အီရန်၊ အုပ်စု (B) တွင် သြ စတြေးလျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အုပ်စု (C) တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေ သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ် ခုမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ အသင်းများအနက် အကောင်းဆုံးနှစ်သင်း မှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည် ဖြစ်သည်။
ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရသည့်အသင်းအများစုမှာ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရန် အခွင့်အရေး ရှိနေသဖြင့် မြန်မာအမျိုးသမီးအသင်းအနေ ဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင် ခွင့်ရရန် မျှော်မှန်းထားသော်လည်း အုပ်စု အနေအထားအရ ရုန်းကန်ရဖွယ်ရှိနေသည်။
မြန်မာအမျိုးသမီးအသင်းသည် နိုင်ငံ တကာပြိုင်ပွဲများနှင့် တစ်နှစ်ခွဲကျော်ဝေးကွာ ပြီးမှ ယခုနှစ်အောက်တိုဘာလလယ်တွင် အာရှဖလားခြေစစ်ပွဲ ပြန်လည်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားခြေစစ်ပွဲတွင် အုပ်စုသုံးပွဲစလုံး အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။















