မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ အန်တွမ်နီဟေးက လေ့ကျင့်ရေးကွင်းမှ ကစားသမားများ၏စွမ်းဆောင်မှုအပေါ် ကျေနပ်အားရမှုရှိကြောင်းနှင့် အပြီးသတ်ကစားသမား၂၃ ဦးအတွက် အဆင်သင့်ဖြစ်နေပြီဟု သူ၏ Twitter မှတစ်ဆင့် ရေးသားကာပြောကြားခဲ့သည်။
အန်တွမ်နီဟေးက ''အခုဆိုရင် ကျွန်တော်တို ့ လေ့ကျင့်မှုပြင်းပြင်းထန်ထန်လုပ်လာတာ ၉ ရက်ရှိပါပြီ။ လေ့ကျင့်မှု ၉ ရက်အပြီးမှာ လေ့ကျင့်ရေးကွင်းက ကျွန်တော့်ကစားသမားaတွရဲ ့ စွမ်းဆောင်မှုအပေါ် ကျေနပ်အားရမှု အပြည့်အဝရရှိပါတယ်။ မလေးရှားမှာ သွားကစားနေတဲ့ ကစားသမားနှစ်ယောက်ကလည်း ဒီလကုန်မှာ ကျွန်တော်တို့ဆီရောက်ရှိလာမှာပါ။ အပြီးသတ်ကစားသမား ၂၃ ဦး အတွက် ကျွန်တော့်ဆီမှာ အဆင်သင့်ဖြစ်နေပါပြီ။ လာမယ့် စနေနေ ့မှာ ဘူရွန်ဒီအသင်းနဲ ့ ကျွန်တော်တို ့အသင်းခြေစမ်းကစားမှာပါ။ လောလောဆယ်တော့ အဲဒီခြေစမ်းပွဲအတွက် အာရုံစိုက်ထားပါတယ်'' ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် ပဏာမကစားသမား (၂၅)ဦး ရွေးချယ်ထားပြီး ယင်းကစားသမားများထဲတွင် မလေးရှားနိုင်ငံ၌ သွားရောက်ကစားနေသည့် လူငယ်တိုက်စစ်မှူးများဖြစ်သော ဟိန်းထက်အောင်နှင့် အောင်ကောင်းမာန်တို ့ ၂ ဦး ရွေးချယ်ခံထားရသည်။
ယခုရာသီတွင် ပြည်ပသို ့သွားရောက်ကစားနေသည့် မြန်မာကစားသမား ၆ ဦး အထိရှိနေပြီး ထိုင်းနိုင်ငံသို ့သွားရောက်ကစားနေသည့် ကစားသမား ၄ ဦးမှာမူ ရွေးချယ်ခေါ်ယူခြင်း ခံထားရမှုမရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၀ အာ ဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ တူရကီနိုင်ငံတွင် တစ်လဝန်းကျင် နေထိုင်လေ့ကျင့်ပြီး ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ထွက်ခွာသွားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမကစားသမား ၂၅ ဦး စာရင်းတွင် စီနီယာကစားသမားများဖြစ်သည့် ဒေးဗစ်ဒန်း၊ လှိုင်းဘိုဘို၊ မောင်မောင်လွင်တို့ ပါဝင်သွားပြီး ဂိုးသမားမျိုးမင်းလတ်လည်း တစ်ကျော့ပြန် ရွေးချယ်ခံခဲ့ရသည်။
ထို့ပြင် ယခုနှစ်လယ်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိသည့် ကစားသမားအချို့မှာလည်း ယခုလူစာရင်းတွင် ပြန်လည်ပါဝင်လာခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာလဆန်းကတည်းက စတင်ပြင်ဆင်ခဲ့ပြီး အောက်တိုဘာနောက်ဆုံးပတ်မှစပြီး တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်နေခြင်း ဖြစ်သည်။
၂၀၂၀ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ (၅)ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။















