တူရကီနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်း အနည်းဆုံး ခြေစမ်းပွဲ (၃) ပွဲနှင့်အထက် ကစားနိုင်ရန် စီစဉ်နေ

တူရကီနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်း အနည်းဆုံး ခြေစမ်းပွဲ (၃) ပွဲနှင့်အထက် ကစားနိုင်ရန် စီစဉ်နေ
Photo: MFF
Photo: MFF
Published 3 November 2021

 

ယခုနှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခရီးစဉ်တွင် ခြေစမ်းပွဲ (၃)ပွဲနှင့်အထက် ယှဉ်ပြိုင်ကစားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၊ Antalya မြို့၌ လေ့ကျင့်ရန် အောက်တိုဘာ (၂၇) ရက်က ထွက်ခွာသွားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလကုန်အထိ တူရကီနိုင်ငံ၌ လေ့ကျင့်သွားမည်ဖြစ်ပြီး ခြေစမ်းပွဲများလည်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲ ကစားရန်အတွက် တူရကီဘောလုံးအဖွဲ့ချုပ်၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပြီး တူရကီကလပ် အသင်းများနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပဏာမကစားသမား (၂၅) ဦး ရွေးချယ်ထားပြီး ကျန်ရှိသည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲဝင်အသင်းမှ ကစားသမားအချို့နှင့် ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသူအချို့မှာ နောက်ပိုင်းမှ အသင်းနှင့်ပူးပေါင်းမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီနိုင်ငံသို့ အောက်တိုဘာ (၂၈) ရက်တွင် ရောက်ရှိခဲ့ပြီး နည်းပြချုပ် အန်တွမ်နီဟေးနှင့် လက်ထောက်နည်းပြ (၂) ဦးမှာလည်း  တူရကီနိုင်ငံသို့ရောက်ရှိမှသာ လာရောက်ပူးပေါင်းခြင်းဖြစ်သည်။ MFF သည် အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်ရာတွင် ၎င်းတစ်ဦးတည်းကိုသာ ခန့်အပ်ခဲ့သော်လည်း နောက်ပိုင်းတွင် တောင်းဆိုမှုများကြောင့် လက်ထောက်နည်းပြ (၁) ဦး ခန့်အပ်ပေးခဲ့သလို၊ ဂိုးနည်းပြ(၁) ဦးကိုလည်း ဆူဇူကီးဖလား ပြိုင်ပွဲအတွက် သီးခြားခန့်အပ်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ယခုနှစ်လယ်ပိုင်းက ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းလူစာရင်းတွင် မပါဝင်သည့် ကစားသမားအချို့နှင့် ပြည်ပကလပ်များတွင် ကစားနေသူအချို့ ယခုလူစာရင်းတွင် ထပ်တိုးပါဝင်လာသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် စင်ကာပူနိုင်ငံသို့ ဒီဇင်ဘာ (၁) ရက် နောက်ဆုံးထားသွားရောက်မည်ဖြစ်ပြီး တူရကီနိုင်ငံမှ စင်ကာပူနိုင်ငံသို့ တိုက်ရိုက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

COVID-19ကပ်ရောဂါ ကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၅) ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (တီမော /ဘရူနိုင်း)၊ အုပ်စု (B)တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ (၅) ရက်တွင် အိမ်ရှင် စင်ကာပူအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများပြီးကတည်းက လေ့ကျင့်မှုရပ်နား ထားခြင်းဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲအတွက် အောက်တိုဘာလဆန်းပိုင်းတွင် ပြန်လည်လေ့ကျင့်ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန် (၂)လနီးပါးရရှိမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent