မက်ဆီကို ဒဏ်ရာမရစေရန် ကြိုတင်ကာကွယ်မှုအဖြစ် လူစားလဲခြင်းဖြစ်ကြောင်း PSG အသင်းနည်းပြ ပိုချက်တီနို ရှင်းလင်း

မက်ဆီကို ဒဏ်ရာမရစေရန် ကြိုတင်ကာကွယ်မှုအဖြစ် လူစားလဲခြင်းဖြစ်ကြောင်း PSG အသင်းနည်းပြ ပိုချက်တီနို ရှင်းလင်း
Photo: AFP
Photo: AFP
Published 31 October 2021

 

PSG အသင်းနည်းပြ ပိုချက်တီနိုက လိုင်လီအသင်းနှင့်ပွဲတွင် မက်ဆီအား ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ခြင်းမှာ ဒဏ်ရာမရစေရန် ကြိုတင်ကာကွယ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

PSG အသင်းသည် လီဂူး-၁ ပွဲစဉ် ၁၂ အဖြစ် သောကြာနေ့ ညပိုင်းက လက်ရှိချန်ပီ ယံ လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ နောက်မှလိုက်ကစားပြီးနောက် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပိုချက်တီနို သည် (၁-၀) ဂိုးဖြင့် ရှုံးနိမ့်နေစဉ် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် မက်ဆီကို အီကာဒီ နှင့် လူစားလဲခဲ့ခြင်းဖြစ်သည်။ 

ယင်းကဲ့သို့ လူ စားလဲသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပိုချက်တီနိုက "ကျွန်တော်တို့ စောင့်ရပါမယ်။ ကျွန်တော်တို့ ဆရာဝန်နဲ့ စကားပြောရပါမယ်။ ဒါက ကြိုတင်ကာကွယ်တာပါ။ ဒါပေမဲ့ ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး။ လာမယ့်ပွဲမှာ သူပါဝင်နိုင်မှာပါ" ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မက်ဆီသည် PSG အသင်းတွင် ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ သုံးဂိုးသွင်းယူထားသော်လည်း လီဂူး-၁ တွင် ပွဲထွက်ကစားသမားအဖြစ် လေးပွဲနှင့် လူစားလဲအဖြစ် တစ်ပွဲကစားပြီးချိန်အထိ တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

PSG အသင်းအနေဖြင့် ယခုပွဲ အနိုင်ရလဒ်ကြောင့် သောကြာနေ့အပြီးတွင် ၁၂ ပွဲကစား ၁၀ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၃၁ မှတ်ဖြင့် ဒုတိယနေရာမှ လန်းစ် အသင်းအား တစ်ပွဲပို ၁၀ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်ခွင့်ရခဲ့သည်။ 

PSG အသင်းသည် လာမည့် နိုဝင်ဘာ ၃ ရက်တွင် ချန်ပီယံလိဂ်ပွဲစဉ် ၄ အဖြစ် လိုက်ပ်ဇစ်အသင်း နှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်သည်။

Most Read

Most Recent