ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းအား ဂိုးဒါဇင်ဝက်ဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြဘဝသက်တမ်းတစ်လျှောက် အဆိုးဆုံးရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ရိုးမားအသင်းသည် ယူရိုပါကွန်ဖရင့်လိဂ် ပွဲစဉ် ၃ အဖြစ် ကြာသပတေးနေ့ညပိုင်းက ဘိုဒယ်ဂလင့်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၆-၁) ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးပွဲကြုံတွေ့ခဲ့သည်။ ရိုးမားအသင်းသည် အေဘရာဟမ်၊ ပယ်လီဂရီနီ၊ ခရစ္စတန်တီ၊ မစ်ခီတာရီယန်၊ မန်ချီနီ၊ ဗာရီတော့စသည့် အဓိကကစားသမားများကို ပွဲထွက်စာရင်းမှ ချန်လှပ်ပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ပထမပိုင်းအပြီးတွင် ဘိုဒယ်ဂလင့်အသင်း၏ (၂-၁) ဂိုးဖြင့် ဦးဆောင်မှုခံခဲ့ရပြီး ဒုတိယပိုင်းအစတွင် ခရစ္စတန်တီ၊ မစ်ခီတာရီယန်၊ ရှိုမူရိုဒေါ့ဗ်တို့ သုံးဦးစလုံးကို တစ်ပြိုင်တည်း ထည့်သွင်းခဲ့သလို အေဘရာဟမ်နှင့် ပယ်လီဂရီနီကိုလည်း မိနစ် ၆၀ တွင် ထပ်မံထည့်သွင်းကစားခဲ့သည်။ သို့သော် ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည့်အပြင် လေးဂိုးထပ်မံခွင့်ပြုခဲ့ရသောကြောင့် (၆-၁) ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ယင်းပွဲရလဒ်မှာ မော်ရင်ဟိုအတွက် နည်းပြဘဝ ပြိုင်ပွဲစုံ ၁၀၀၈ ပွဲမြောက်တွင် ပထမဆုံးအကြိမ် ပြိုင်ဘက်အား ခြောက်ဂိုးပေးရခြင်း ဖြစ်သလို ၂၀၁၀ ပြည့်နှစ်က ရီးယဲလ်အသင်းကို ကိုင်တွယ်စဉ် El Clasico ပြိုင်ဘက် ဘာစီလိုနာအသင်းအား (၅-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက် ဂိုးအပြတ်ဆုံးရှုံးပွဲ ထပ်မံကြုံတွေ့ခြင်း ဖြစ်သည်။ ရိုးမားအသင်းအနေဖြင့် ယင်းပွဲ ရလဒ်ကြောင့် အုပ်စု (C) တွင် သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်ခြောက်မှတ်ဖြင့် ဘို ဒယ်ဂလင့်၏နောက် တစ်မှတ်အကွာဖြင့် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။
စံချိန်တင်ရှုံးပွဲနှင့်ပတ်သက်၍ မော်ရင်ဟိုက "ဒီလူစာရင်းနဲ့ကစားဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်တော်မို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်က ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။ ကြိုးစားတဲ့သူတွေကို အခွင့်အရေးပေးဖို့နဲ့ အေးစက်နေတဲ့ ရာသီဥတုအောက်မှာ အလှည့်ကျလူစာရင်းအသုံး ပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့အသင်း ရဲ့ လူစာရင်းက ကန့်သတ်ချက်ရှိတယ်ဆိုတာ ဘယ်တုန်းကမှ မဖုံးကွယ်ဖူးပါဘူး။ ကျွန်တော့်ဆီမှာရှိတဲ့ ကစားသမား ၁၃ ယောက်က အသင်းတစ်သင်းအတွက် ကိုယ်စားပြုပြီး တခြားသူတွေကတော့ ကွဲပြားခြားနားတဲ့ အဆင့်တစ်ခုမှာပဲ ရှိပါတယ်။ ဒီညမှာ ပိုကောင်းတဲ့ အရည်အသွေးပြနိုင်တဲ့အသင်းကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာပါ။ ဒါက ရိုးရိုးလေးပါပဲ" ဟု သုံးသပ်ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် စီးရီးအေပြိုင်ပွဲတွင်လည်း ရှစ်ပွဲကစားပြီးနောက် ငါးပွဲနိုင်၊ သုံးပွဲ ရှုံး၊ ရမှတ် ၁၅ မှတ်ဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာ ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ နာပိုလီအသင်းနှင့် ကိုးမှတ်ကွာဟနေသည်။ ရိုးမားအသင်းသည် ယခုတစ်ပတ် စီး ရီးအေပွဲစဉ် ၉ အဖြစ် ယနေ့တွင် ဇယားထိပ်ဆုံးမှ နာပိုလီအသင်းနှင့် အိမ်ကွင်း၌ ပွဲကျပ်ထပ်မံကစားရမည်ဖြစ်သည်။















