ပြင်သစ်လက်ရွေးစင် နောက်ခံလူဟောင်း ပက်ထရစ်အီဗရာက မိမိအနေဖြင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားဘဝတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရဖူးကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။
အီဗရာသည် ၎င်း၏အသစ်ထွက်ရှိမည့် ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွက် ဗြိတိန်ထုတ် The Times သတင်း စာနှင့် အင်တာဗျူးပြုလုပ်စဉ် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ငယ်စဉ်က ပါရီအနီးရှိ Lee Ulis မြို့တွင် နေထိုင်ကြီးပြင်းခဲ့ပြီး ဆရာဖြစ်သူ၏နေအိမ်၌ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"အဲဒီအချိန်က ကျွန်တော့်အတွက်တော့ ခက်ခဲတဲ့အခိုက်အတန့် ပါပဲ။ ဒီအကြောင်းကို ကျွန်တော့်ညီအစ်ကို၊ မောင်နှမတွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတချို့ကို ပြောပြဖို့ လိုပါသေးတယ်။ ကျွန်တော်က လူတွေသနားတာကို မလိုချင်ပါဘူး။ ဒါက ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးဆီက ဒီလို စကားမျိုးကြားရဖို့ မျှော်လင့်ထားမှာမဟုတ်ပါဘူး။ အခု အသက် ၄၀ ရောက်တော့မှ ကျွန်တော့်အမေကို ပြောပြဖြစ်တာပါ။ ဒါက သူ့အတွက်လည်း တော်တော်လေးရှော့ခ်ဖြစ်သွားစေပါတယ်။ သူတော်တော်လည်း စိတ်ဆိုးပါတယ်။ စိတ်မကောင်းဘူးလို့လည်း ပြောပါတယ်။ အဲဒီအကြောင်းကို စာအုပ်ထဲမှာ ထည့်မရေးသင့်ဘူး၊ ဒါက ပုဂ္ဂိုလ်ရေးကိစ္စလို့ အမေကပြောတော့ အမေ၊ ဒါက ကျွန်တော့် အကြောင်းတင်မဟုတ်ဘူး၊ တခြားကလေး တွေအကြောင်းဆိုလည်း ဟုတ်တယ်ဆိုပြီး ရှင်းပြတော့မှ လက်ခံသွားတယ်" ဟု အီဗရာ က The Times သတင်းစာသို့ ပြောကြားခဲ့သည်။















