Mission; Impossible 8 အတွက် ဒုတိယကမ္ဘာစစ် လက်ကျန်လေယာဉ်ကို အက်ရှင်မင်းသား တွမ်ခရုစ် အမောင်းသင်နေ

Mission; Impossible 8 အတွက် ဒုတိယကမ္ဘာစစ် လက်ကျန်လေယာဉ်ကို အက်ရှင်မင်းသား တွမ်ခရုစ် အမောင်းသင်နေ
Published 13 October 2021

စွန့်စားခန်းများကို နှစ်သက်သူ တွမ်ခရုစ်က နောက်ထပ်ရိုက်ကူးမည့်   Mission; Impossible 8 ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါ ဝင်မည့် အက်ရှင်ဇာတ်ဝင်ခန်းများအတွက် ဒုတိယကမ္ဘာစစ် လက်ထက်က စစ်လေယာဉ်တစ်စင်းကို အမောင်းသင်ယူလျက်ရှိ သည်။

ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် အက်ရှင်ဇာတ်ကားများထဲတွင် စတန့်ပြကွက်များကို လူစားမထိုး ကိုယ်တိုင်သရုပ်ဆောင်တတ်သူ အသက် ၅၉ နှစ်အရွယ်ရှိ တွမ်ခရုစ်သည် ၁၉၄၃ ခုနှစ်က တည်ဆောက်ခဲ့သည့်  Boeing-Stearman Model 75  လေ့ကျင့်ရေး စစ်လေယာဉ်ကို ဗြိတိန်နိုင်ငံ Cambridgeshire ကောင်တီရှိ Duxford လေယာဉ်ကွင်းတွင် အမောင်းသင်ပျံသန်းခဲ့သည်။

တွမ်သည်  Mission; Impossible 7 ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးထား၍မှ မကြာသေး Mission; Impossible 8 ဇာတ်ကားအတွက် လေ့ကျင့်မှုများ စတင်ထားပြီးဖြစ်သည်။ Mission; Impossible 8 ကို ၂၀ ၂၃ ခုနှစ် မတိုင်မီအထိ ရုံတင်ပြသရန် အစီအစဉ်မရှိဘဲ တွမ်က အေးဂျင့် Ethan Hunt ဇာတ်ကောင်နေရာမှ ပါဝင်မည်ဖြစ်သည်။

The Sun သတင်းစာသို့ သတင်းရင်းမြစ်တစ်ဦး ပြောပြချက်အရ တွမ်ခရုစ်သည် အဆိုပါတောင်ပံနှစ်ထပ်လေယာဉ်ကို ယခုနှစ် အစောပိုင်းကတည်းက အမောင်းစသင်ခဲ့ပြီး တကယ့်ကို ကျွမ်းကျင်ရန်လိုသည့် စွန့်စားမှုတစ်ခုဖြစ်သော်လည်း ထုံးစံအတိုင်း တွမ်သည် အလွယ်လုပ်ရန်နှင့် လူစားထိုးရန် အစီအစဉ်ရှိမနေဟု ဆိုသည်။ Mission; Impossible 7 ရိုက်ကူးပြီးစီးထားသည်မှာ မကြာသေးသော်လည်း တွမ်က သူ့ကိုယ်သူ အနားမပေး နှစ် ၈၀ သက်တမ်းရှိနေပြီဖြစ်သည့် လေယာဉ်တစ်စင်းနှင့် ပါးစပ်အဟောင်းသားဖြစ်စရာ စွန့်စားခန်းများကို လုပ်ပြရန် ကြိုးစားခြင်းသည် အလွန်အန္တရာယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

တွမ်ခရုစ်သည် Top Gun; Maverick ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း ပါဝင်ထားပြီး ပရိသတ်များ မျှော်တလင့်လင့် စောင့်စား နေသည့် အဆိုပါဇာတ်ကားထဲတွင်  တွမ်ကို ရေတပ်လေယာဉ်မှူးအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ယခင်ကတည်းက တွမ်ခရုစ်က Top Gun; Maverick တွင် မြင်ရမည့် လေကြောင်းစွန့်စားခန်းမျိုးကို ရှေ့တွင် မည်သူမျှ လုပ်မထားစေရဟု ပရိသတ်များအား ကတိပေးထားခဲ့သည်။ ၁၉၈၆ ရုပ်ရှင် Top Gun ၏ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်သည့် Top Gun; Maverick ကို ၂၀၂၀ ခုနှစ် ဇွန်ကတည်းက ရုံတင်ရန် စီစဉ်ခဲ့ကြသော်လည်း ကိုဗစ်ကပ်ဘေးကြောင့် ကြိမ်ဖန်များစွာ ရွှေ့ဆိုင်းခဲ့ရပြီး လာမည့်နိုဝင်ဘာ ၁၉ ရက်တွင် ရုံတင်ရန် သတ်မှတ်ထားရာမှ ၂၀၂၂ ခုနှစ် မေ ၂၇ ရက်မှ ရုံတင်တော့မည်ဟု ထပ်ရွှေ့ ထားသည်။ အလားတူ Mission; Impossible 7 ကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်သို့ ရွှေ့ဆိုင်းထားသည်။ ထိုဇာတ်ကားတွင် တွမ်ခရုစ်၏ ဆိုင်ကယ်စီး စတန့်ပြကွက်များကို ရင်ခုန်ဖွယ်ခံစားရမည်ဖြစ်သည်။

Most Read

Most Recent