ပရီးမီးယားလိဂ်အခြေစိုက် အာဂျင်တီးနားကစားသမားသုံးဦး ခြေစစ်ပွဲသုံးပွဲစလုံး ကစားရမည်ဟု အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ အတည်ပြု

ပရီးမီးယားလိဂ်အခြေစိုက် အာဂျင်တီးနားကစားသမားသုံးဦး ခြေစစ်ပွဲသုံးပွဲစလုံး ကစားရမည်ဟု အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 9 October 2021

 

ပရီးမီးယားလိဂ်အခြေစိုက် ကစားသမား သုံးဦးအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲစလုံး ပါဝင်ကစားမည်ဖြစ်ကြောင်း အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အတည်ပြု ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် အောက်တိုဘာ နိုင်ငံတကာပွဲစဉ်များအတွက် ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဂိုးသမား မာတီနက်ဇ်၊ စပါးအသင်းနောက်ခံလူ ရိုမဲရိုးနှင့် ကွင်းလယ်လူ ဆယ်လ်ဆိုတို့ကို ရွေးချယ်ထားသည်။ ယခုလအတွက် တောင်အမေရိကဇုန်ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာ ၁၄ ရက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ နံနက်) မှ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ၎င်းတို့၏ကလပ်များက ယင်းပွဲမတိုင်မီ ပြန်လာစေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

သို့သော် အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက "ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ကစားသမားတွေကို နောက်ဆုံးအကြိမ်တုန်းက ပုံစံမျိုး ထပ်ပြီးခွင့်ပြုမှာ မဟုတ်ပါဘူး။ ဗင်နီဇွဲလားနဲ့ပွဲ မတိုင်ခင်ကတည်းက သူတို့ကို သုံးပွဲစလုံး ကစားရမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့အခြေအနေက ဆုံးဖြတ်ရခက်ခဲတာမို့ နားလည်မှုနဲ့ ပြန်ပြီးလွှတ်ပေးခဲ့တာပါ။ အခုတော့ ဒီမှာရှိနေတဲ့ ကစားသမားတွေက သုံးပွဲစလုံးကစားရမှာပါ။ သူတို့ကို စောစောပြန်လွှတ်ရမယ့် အကြောင်း မရှိသေးပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်း၏ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာ ၁၄ ရက်တွင် ပီရူးအသင်းနှင့် ကစားရမည်ဖြစ်ရာ ၎င်းတို့သုံးဦးအနေဖြင့် အောက်တိုဘာ ၁၆၊ ၁၇ ရက်တွင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ကို လွဲချော်ဖွယ်ရှိနေကြောင်းသိရသည်။

Most Read

Most Recent