ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို ဖြေရှင်းရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး သက်သေအထောက်အထား အခိုင်အလုံပြနိုင်သည့်အချိန်ရောက်မှ မည်သည့်အတွက်ကြောင့် စေ့စပ်ဆွေးနွေးညှိနှိုင်းရေးကို ပြောရသနည်းဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား

ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို ဖြေရှင်းရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး သက်သေအထောက်အထား အခိုင်အလုံပြနိုင်သည့်အချိန်ရောက်မှ မည်သည့်အတွက်ကြောင့် စေ့စပ်ဆွေးနွေးညှိနှိုင်းရေးကို ပြောရသနည်းဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား
Published 9 October 2021

ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို ဖြေရှင်းရန်တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး သက်သေအထောက်အထား အခိုင်အလုံပြနိုင်သည့်အချိန်မှ စေ့စပ်ဆွေးနွေးညှိနှိုင်းရေးကို မည်သည့်အတွက်ကြောင့် ပြောရသနည်းဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်တဲ့အတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ပြင်ဆင်နိုင်ဖို့အတွက် ရွေးကောက်ပွဲမတိုင်မီကတည်းက ပြောခဲ့တာဖြစ်တယ်။ အဲဒီမှာ ဘာမှတုံ့ပြန်ချက်မရှိဘူး။ မသိချင်ယောင် ဆောင်နေတယ်။အခုအချိန်ကျမှ ရွေးကောက်ပွဲမသမာမှုတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ သက်သေခိုင်ခိုင်လုံလုံပြနိုင်တယ်။ ရွေးကောက်ပွဲ မသမာမှုတွေရှိတယ်ဆိုတာကို နိုင်ငံတကာရှေ့မှာရော၊ နိုင်ငံတကာသံရုံးတွေရှေ့မှာရော ခိုင်ခိုင်လုံလုံပြနိုင်တယ်။ လာဘ်ပေး၊ လာဘ်ယူမှုတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ပြောခဲ့တယ်။ ဘာလို့ အမှုထင်ရှားပြီးတော့ စစ်ဆေးခါမှ၊ ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ ဒါတွေ ဒါတွေ တကယ်ဖြစ်ခဲ့ဆိုတာ ပြောခဲ့တဲ့အပြင် ရွေးကောက်ပွဲမှာလည်း သက်သေအထောက်အထား အခိုင်အလုံပြနိုင်တဲ့အချိန်ကျမှ ဘာကြောင့်စေ့စပ်ဆွေးနွေးညှိနှိုင်းရေးဆိုတဲ့ဟာကို ပြောရပါသလဲ။ အရင်တုန်းက အဲဒီအခြေအနေတုန်းက ဘာကြောင့် မပြောခဲ့တာလဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲမတိုင်ခင်က တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအကြိုကာလ တွေ့ရှိချက်များကို ထုတ်ပြန်ချက် နှစ်စောင်ထုတ်ပြန်ခဲ့ကြောင်း၊ နံပါတ်တစ်အချက်သည် လက်ရှိကျင်းပသော ရွေးကောက်ပွဲသည် တရားဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း ထောက်ပြခြင်း၊ နံပါတ်နှစ်အချက်သည် တရားမျှတမှုမရှိကြောင်း ထောက်ပြခြင်းနှင့် နံပါတ်သုံးအချက်သည် ချို့ယွင်းချက်၊ အားနည်းချက်များရှိသည်ဟု ထောက်ပြခြင်းတို့ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်ကထောက်ပြခဲ့သည့် နံပါတ်တစ်အချက်သည် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ရာတွင် ဥပဒေကိုကျော်လွန်ခြင်းမရှိစေရဟု ပါရှိပြီးဖြစ်သော်လည်း ဥပဒေကိုကျော်လွန်ပြီး ထုတ်ခဲ့ခြင်းများရှိကြောင်း၊ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန်ပြီး ထုတ်ခဲ့ခြင်း၊ ရွေးကောက်ပွဲ အထောက်အကူပြုအဖွဲ့များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက စာရင်းပေးသည့် NLD အမာခံနှင့် ထောက်ခံအားပေးသူများကို ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်အသစ်မှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် နိုင်ငံပိုင်ရုပ်သံလိုင်းမှ မဲဆွယ်စည်းရုံးခွင့် ရိုက်ကူးထုတ်လုပ်ရာတွင် ဆင်ဆာဖြတ်တောက်ခဲ့ခြင်း၊ ကိုဗစ်-၁၉ အား အကြောင်းပြပြီး မဲဆွယ်စည်းရုံးခွင့်တွင် အခြားသော နိုင်ငံရေးပါတီများအား နှိပ်ကွပ်၍ NLD ပါတီအနေဖြင့် လွပ်လွပ်လပ်လပ် လုပ်ဆောင်ခြင်း၊ ရွေးကောက်ပွဲအတွက် လေးနှစ်ကျော် ကြိုတင်ပြင်ဆင်ထားသော်လည်း ဆန္ဒမဲ၊ ကြိုတင်ဆန္ဒမဲပေးချိန်တွင် မဲလက်မှတ်စာအိတ်များ ပေါက်နေခြင်း၊ ကြိုတင်ဆန္ဒမဲ လိုက်လံကောက်ယူရာတွင် NLD Logo များဖြင့် လိုက်လံကောက်ယူခြင်းများ အပါအဝင် အခြားသော ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ချို့ယွင်းအားနည်းချက်များကိုလည်း ထုတ်ပြန်ခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရွေးကောက်ပွဲအပြီးကာလတွင် မဲမသမာမှုများရှိခဲ့ကြောင်း၊ အချို့သောလွှတ်တော်အမတ်များက တပ်မတော်ကို တိုင်ကြားခဲ့ခြင်းကြောင့် စစ်ဆေးကြည့်ရာတွင် ရွေးကောက်ပွဲ၌ မဲစာရင်းအား နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် အစရှိသဖြင့် ထုတ်ခဲ့သည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း နောက်ဆုံးထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းကို အချို့လွှတ်တော်အမတ်များ၊ ရွေးကောက်ပွဲဝင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပင် ရရှိခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းပြင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းမပေးသည့်အတွက် လွှတ်တော်အထူး အစည်းအဝေးခေါ်ယူပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် တပ်မတော်က မီဒီယာများအား ဖိတ်ကြား၍ မဲရင်းမှားယွင်းမှုများကို သက်သေအထောက်များဖြင့် ပြသခဲ့ဟု ၎င်းကဆိုသည်။

“အဲဒီနောက်ပိုင်းမှာ ၃၀ ရက်နေ့ ခုနကပြောတဲ့ ထုတ်ပြန်ချက်ဖြစ်သွားတယ်။ ကျွန်တော်တို့ ဒါမျိုးလုပ်နေတာသည် အဲဒီကြေညာချက်ကို ပြန်ဖတ်ရင်သိပါတယ်။ ဒါမျိုးလုပ်နေတာသည် စစ်မှန်သန့်ရှင်းတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်အောင် ကျွန်တော်တို့လုပ်နေတာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းပေးနိုင်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ မည်သည့်ဆန္ဒနဲ့မဆို လက်ခံပါတယ်လို့ အဲဒီအချိန်မှာ အတိအလင်းပြောပြီးသား ဖြစ်တယ်။ အဲဒီရဲ့ ကြားမတိုင်ခင်ရက်တွေမှာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေ၊ ဒီဘက်က တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ အပြန်အလှန် သွားရောက်ဆွေးနွေးတာမျိုးရှိတယ်။ ကျွန်တော်ဆိုလိုတာက အဲဒါသည် စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးလမ်းစဉ်မဟုတ်လို့ ဘာလဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent