Jisoo နှင့် စပါးဘောလုံးအသင်း ကစားသမား Son Heung Min တို့ ဒိတ်နေသည့်သတင်းများ ထွက်နေ

Jisoo နှင့် စပါးဘောလုံးအသင်း ကစားသမား Son Heung Min တို့ ဒိတ်နေသည့်သတင်းများ ထွက်နေ
Photo: Allkpop
Photo: Allkpop
Published 8 October 2021

BLACKPINK အဖွဲ့မှ Jisoo နှင့် စပါးဘောလုံးအသင်း ရှေ့တန်းကစားသမား Son Heung Min တို့ ပတ်သက်နေမှုသတင်းများ အွန်လိုင်းတွင် ပျံ့နှံ့နေသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာက လန်ဒန်မြို့ရှိ Tottenham Hotspur ကစားကွင်းတွင် ပြုလုပ်သည့် ပရီးမီးယားလိဂ်ပွဲတစ်ပွဲကို Jisoo သွားကြည့်ခဲ့ပြီး ထိုစဉ်ကရိုက်ကူးခဲ့သည့် ဓာတ်ပုံအချို့ကို သူမကအင်စတာဂရမ်တွင် တင်ခဲ့သည်။ သူမက Son Heung Min (တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်း ကပ္ပတိန်) ကစားသည့်အသင်းကို သွားအားပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် နှစ်နှစ်အကြာ ပရိသတ်အချို့၏ ယူဆချက်များကို အခြေခံကာ ၎င်းတို့နှစ်ဦး ဒိတ်နေသည်ဆိုသည့် သတင်းများ ယခုကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

သတင်းများအရ Son Heung Min သည် အောက်တိုဘာ ၇ ရက်တွင် တောင်ကိုရီးယားနှင့် ဆီးရီးယားအသင်းတို့ ယှဉ်ပြိုင်သည့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလား အာရှခြေစစ်ပွဲသို့ လာရောက်ရန် အောက်တိုဘာ ၅ ရက်တွင် တောင်ကိုရီးယားသို့ ရောက်လာခဲ့သည်။အမှန်က Son Heung Min သည် လန်ဒန်မှ ရောက်လာရမည် ဖြစ်သော်လည်း တကယ်တမ်း ပါရီမှ ရောက်လာခြင်း ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ပါရီဖက်ရှင်ရက် သတ္တပတ်အတွက် ပါရီတွင် ရောက်နေခဲ့သည့် Jisoo ကလည်း အောက်တိုဘာ ၅ ရက်မှာပင် တောင်ကိုရီးယားသို့ ပြန်လာခဲ့သည်။

နောက်သတင်းတစ်ခုက Jisoo နှင့် Son Heung Min တို့ လက်ကောက်ဆင်တူ ဝတ်ထားကြသည်ဆိုသည့် သတင်းဖြစ်သည်။ ဂိုးဝင်တိုင်း Son Heung Min နမ်းလေ့ရှိသည့် လက်ကောက်ဖြစ်သည့်အတွက် ထိုလက်ကောက်ကို ဘောလုံးပရိသတ်များ ရင်းနှီးနေကြသည်။ သတင်းအတည် မဖြစ်သေးသော်လည်း ၎င်းတို့နှစ်ဦးအကြား ပတ်သက်မှုကို ပရိသတ်များက စိတ်ဝင်စားနေကြပြီး အချို့ကလည်း သဘောတူနေကြသည်။ 

Jisoo သည် Dior ၏ Brand Ambassador အဖြစ် စက်တင်ဘာ ၂၈ ရက်က ပါရီတွင် ကျင်းပသည့် Dior’s 2022 S/S Collection ပွဲသို့တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် Dior စီအီးအို Pietro Beccari နှင့် Jisoo တို့ ရယ်မောနေသည့် မြင်ကွင်းများလည်း ထွက်ပေါ်လာခဲ့သည်။

YG Entertainment မှ တာဝန်ရှိသူတစ်ဦးလည်း ဘေးတွင်ရှိနေချိန် မစ္စတာ Pietro က တကယ်လို့ YG က သူ့ကို ထုတ်လိုက်တယ်ဆိုရင် ကျွန်တော့်ကိုလှမ်းပြောပါ။ ကျွန်တော် သူ့ကိုခေါ်မယ်” ဟု အရွှန်းဖောက်ခဲ့သည့်အတွက် YG တာဝန်ရှိသူက ရယ်မောခဲ့ရသည်။

ထိုမြင်ကွင်း ထိုသတင်းများသည် Jisoo ပရိသတ်များအတွက် အလွန်ကျေနပ်စရာ ဖြစ်စေခဲ့သည်။ ဖက်ရှင်ရှိုးပွဲ၏ ရှေ့တန်းတွင်လည်း Dior စီအီးအိုက Jisoo နှင့် ကပ်လျက်ပင် ထိုင်ခဲ့သည်။

Jisoo ၏ လှပကြော့ရှင်းနေသည့် အပြင်အဆင်များက ပါရီပရိသတ်များကိုရော အင်တာနက်ပရိသတ်များကိုပါ မှင်သက်စေခဲ့ပြီး ခရီးစဉ်အတွင်း သူမက Dior ဖက်ရှင် ဒီဇိုင်နာများ၏ လုပ်ငန်းခွင်ကိုပါ သွားရောက်လေ့လာခွင့် ရခဲ့သည်။ အင်တာနက်သုံးစွဲသူများကလည်း Jisoo ကို Dior က မင်းသမီးလေးတစ်ပါးလို အလေးပေးဆက်ဆံခဲ့သည်ဆိုကာ အားရနေကြသည်။

Most Read

Most Recent