ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ထားသည့်အမှုနှင့် ပတ်သက်၍ သီးခြားသက်သေမတင်ဘဲ စွပ်စွဲခံရသူများဖြစ်သည့် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့ကိုသာ သက်သေအဖြစ်စစ်ဆေးမည်ဟု ရှေ့နေဖြစ်သူ ပြောကြား

ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ထားသည့်အမှုနှင့် ပတ်သက်၍ သီးခြားသက်သေမတင်ဘဲ စွပ်စွဲခံရသူများဖြစ်သည့် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့ကိုသာ သက်သေအဖြစ်စစ်ဆေးမည်ဟု ရှေ့နေဖြစ်သူ ပြောကြား
Published 5 October 2021
အောင်မင်းသိန်း

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ သီးခြားသက်သေ (ခံပြသက်သေ) တင်မည်မဟုတ်ဘဲ စွပ်စွဲခံရသူများဖြစ်သည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကိုသာ သက်သေ (ခံပြသက်သေ) အဖြစ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

အောက်တိုဘာ ၅ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ခြင်းခံထားရသည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီကနေ့ကတော့ အမှုနှစ်မှုပေါ့။ ချိန်းထားတာပါ။ ပထမ ၅၀၅ (ခ) နဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်တို့ကို ၅၀၅ (ခ) နဲ့ စွဲတဲ့အမှု၊ အဲဒီအမှု ခေါ်ပါတယ်။ အဲဒီအမှုကတော့ ကျွန်တော်တို့ဘက်က ခံပြစာရင်းတင်ဖို့ပါ။ စွပ်စွဲခံရသူ ရဲ့ Defence ကိုယ်စားလှယ် အဖြစ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ခံပြစာရင်း သီးခြားမတင်တော့ပါဘူး။ အဲဒါကြောင့်မို့လို့ စွပ်စွဲခံရသူတွေကို ရုံးချိန်းတစ်ချိန်းစီပေါ့။ စစ်ဖို့ဟိုဟာ လုပ်လိုက်ပါတယ်။ အဲဒီတော့ ၁၂ ရက်နေ့ကျရင် စွပ်စွဲခံရသူ (၁) ကို သက်သေအဖြစ် အစစ်ခံပါမယ်။ နောက် ၂၆ ရက်နေ့ကျတော့ စွပ်စွဲခံရသူ (၂) ကို သက်သေအဖြစ် စစ်ပါမယ်။ နောက် ၂ ရက်နေ့ကျတော့ စွပ်စွဲခံရသူ (၃) ကို သက်သေအဖြစ် စစ်ပါမယ်။ အဲဒီလို စီစဉ်ပြီးတဲ့အခါကျတော့ အမှုကိုစွပ်စွဲခံရသူတွေကို စစ်ဆေးတဲ့ဘက်အနေနဲ့ စပြီးစီစဉ်တာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ခြင်း ခံထားရသည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေးခဲ့သည့် ရုံးချိန်းတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ ရုံးတော်က အပြစ် ရှိ၊ မရှိ မေးမြန်းရာ၌ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့က ၎င်းတို့ကျူးလွန်ခဲ့ခြင်းမရှိခြင်းကြောင့် အပြစ်မရှိဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးညီညီက သဘာဝဘေးပုဒ်မ ၂၅ နဲ့ စွဲထားတဲ့အမှုပါ။ အဲဒီအမှုက သက်သေဦးမြင့်နိုင်ဆိုတဲ့ပုဂ္ဂိုလ် မလာပါဘူး။ မလာတဲ့အခါကျတော့ တရားရုံးက တရားလိုဘက်ကို မေးပါတယ်၊ သက်သေက မလာတာကြာပြီ။ အဲဒါကြောင့်မို့လို့ ဒီသက်သေ ပယ်မလားဆိုတော့ တရားလိုဘက်က မပယ်ဘူးလို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်ကလည်း စွပ်စွဲခံရသူဘက်ကလည်း အချိန်းတွေကြာပြီ။ သက်သေကမလာဘူး။ အဲဒါကြောင့်မို့လို့ သက်သေကိုပယ်ဖို့ လျှောက်ပါတယ်။ အဲဒီတော့ တရားရုံးက သက်သေကို ပယ်တာတော့ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းအရပဲ ဒီသက်သေကို မစစ်ဘဲနဲ့ ရှိပြီးသား တရားလိုပြသက်သေ ထွက်ချက်တွေအပေါ်မှာ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးဖို့ အမိန့်ချပါတယ်။ အဲဒီလျှောက်လဲချက်က ၁၂ ရက်နေ့ကျရင် ပေးရပါမယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ရုံးချိန်းများကို တစ်ပတ်ခြားလျှင်တစ်ကြိမ် ရုံးချိန်းချိန်းဆိုပေးရန် လျှောက်လွှာတင်ခဲ့ကြောင်း၊ ယင်းလျှောက်လွှာနှင့် ပတ်သက်၌ အောက်တိုဘာ ၁၂ ရက်တွင် ချိန်းဆိုထားသည့် ရုံးချိန်း၌ရုံးတော်က အမိန့်ချမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဦး ခင်မောင်ဇော်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နေပြည်တော်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊  ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent