၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်

၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်
မြန်မာနိုင်ငံ၏ စပါးစိုက်ဧကနှင့် အထွက်နှုန်းကို ဖော်ပြထားစဉ်
မြန်မာနိုင်ငံ၏ စပါးစိုက်ဧကနှင့် အထွက်နှုန်းကို ဖော်ပြထားစဉ်
Published 5 October 2021

၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂  ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်း စပါးစျေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး  အရည်သွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုသတ်မှတ်သော အခြေခံရည်ညွှန်း စပါးစျေးနှုန်းသည် ၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါပြဌာန်ချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော စျေးကွက်နှင့် စျေးနှုန်းဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစပါး စျေးနှုန်းအပေါ်တွင်ဖြစ်ပါက စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစပါး စျေးနှုန်းအောက်တွင် ဖြစ်ပါက အခြေခံစျေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်။

အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံး (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁- ၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် မိုးစပါးနှင့်နွေစပါး စုစုပေါင်းစိုက်ပျိုးမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၃၇ သန်း၊နွေစပါး ၂ ဒသမ ၄၅ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၂ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၄ သန်း၊နွေစပါး ၂ ဒသမ ၄၆ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၇၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၂၂ သန်း၊နွေစပါး ၂ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒသမ ၀၈ သန်း၊နွေစပါး ၂ ဒသမ ၇၈ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉၈ သန်း၊နွေစပါး ၂ ဒသမ ၃၃ သန်းဖြင့် စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၃၁ သန်း စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးနှင့် နွေစပါးစုစုပေါင်း စိုက်ဧက ၁၈ သန်းနီးပါး စိုက်ပျိုးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၃၁ သန်းရှိကာ ငါးနှစ်အတွင်း စပါးသီးနှံစိုက်ပျိုးဧက အနည်းဆုံးနှစ်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent